မေလ ကုန်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် ရာသီမိုးရက်ဆက် သည်းထန်စွာရွာသွန်းခြင်း စသည့် ပြင်းထန်မိုးလေဝသဖြစ်စဉ် (Severe Weather) များ ကြုံတွေ့ရနိုင်တယ်လို့ မိုးလေဝသ ဆန်းစစ်ချက်များအရသိရပါတယ်။
ယနေ့ မေလ ၂၃ ရက်မှ ၂၇ ရက်အထိ ၅ ရက်တာကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ဘက်ခြမ်း၌ အားကောင်းသော မုန်တိုင်းစနစ် သို့မဟုတ် လေဖိအားနည်းရပ်ဝန်း ဖြစ်ထွန်းနိုင်သည့် အခြေအနေရှိနေရှိ တဲ့အတွက် မိုးရာသီအဝင်ဟာ လေပြင်းတိုက်ခြင်း ၊ မိုးသည်းထန်ခြင်း ၊ မိုးကြိုးပစ်ခြင်းတို့ နဲ့ အတူဝင်ရောက်နိုင်ပါတယ်။
ရခိုင်ကမ်းရိုးတန်း မှာ လည်း မိုးရေချိန်လွန်ကဲစွာ ရွာသွန်းမှာဖြစ်ပြီး အနိမ့်ပိုင်းတွေ ရေဝပ်တာ ၊ လျှပ်တပြက် ရေကြီး ရေလျှံတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
မေလ ၂၃ ရက်နှင့် ၂၄ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿနှင့် အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းအနီး) တွင် လေထုစွမ်းအင်တန်ဖိုး (CAPE) များ အလွန်အမင်း မြင့်တက်နေပါတယ်။
ဆိုလိုတာက ပင်လယ်ပြင်မှာ အားကောင်းတဲ့ မုန်တိုင်းဖြစ်ပေါ်ဖို့ လေထုဖိအားတွေကို စုဆောင်းနေတာလို့ သတ်မှတ်ရမှာပါ။
မေလ ၂၅ ရက်မှ ၂၇ ရက်အတွင်း မှာ အဲ့ဒီ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမြောက်ပိုင်း ကမ်းရိုးတန်းများဆီသို့ တဖြည်းဖြည်း ရွေ့လျားဝင်ရောက်သွားဖို့ရှိပါတယ်။
မေ ၂၇ ရက်မှာတော့ ကုန်းတွင်းပိုင်းသို့ အရှိန်ဖြင့် လုံးဝဝင်ရောက်လာမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသများ (မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း)၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ မှာ မိုးသက်လေပြင်း နဲ့ မိုးကြိုး အန္တာရာယ်များကျရောက်နိုင်ပါတယ်။
ဒီဒေသတွေဟာ နေ့ခင်းဘက်မှာ အပူရှိန်ပြင်းရာက မုတ်သုံအစိုဓာတ်နဲ့ ထိတွေ့ပြီး မွန်းလွဲ၊ ညနေနှင့် ညဦးပိုင်းများတွင် ပြင်းထန်သော မိုးတိမ်တောင်ကြီးများ (Cumulonimbus) လျင်မြန်စွာ ဖြစ်ထွန်းလာဖို့ရှိပါတယ်။
ဒါကြောင့် သတိပြုရမယ့် ဘေးအန္တာရာယ်အနေနဲ့ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်ခြင်း (Severe Squalls)၊ မိုးကြိုးအကြိမ်ကြိမ်ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ ကုန်းမြင့်ဒေသအချို့မှာ မိုးသီးကြွေခြင်းများ ပြင်းပြင်းထန်ထန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
#လေးဝတီ FM