သီဟ ရေးသည်။
လေးဝတီ FM
ကမ္ဘာပေါ်မှာ သက်ရှိပေါင်းမြောက်များစွာမှီခိုနေထိုင်နေကြပြီး အဲ့ဒီအထဲမှာ လူသားတွေလည်း ပါဝင်ပါတယ်။ လူသားတွေနေထိုင်ရာနေရာတွေကို မြို့၊ရွာ၊ရပ်ကွက်နဲ့ နေအိမ်ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်ကြသလို အခြားသောသက်ရှိတွေရဲ့ ခိုလှုံနေထိုင်ရာတွေဟာလည်း အများအပြားရှိနေပါသေးတယ်။အဲ့ဒီအထဲက အချို့သော သက်ရှိတွေရဲ့ ခိုလှုံနေထိုင်ကျက်စားရာဒေသတွေဟာဆိုရင် လူသားတွေအတွက်တောင် အများကြီးအကျိုးဖြစ်ထွန်းလို့နေပါသေးတယ်။
အခြားသော သက်ရှိတွေနေထိုင်တဲ့နေရာတွေထဲက သစ်တော၊ ဒီရေတောနဲ့ လတာပြင်တွေဟာဆိုရင် လူသားေတွ ဆက်လက်ပြီးအသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အရေးပါတဲ့ နေရာတွေအဖြစ် တစ်မ္ဘာလုံးက လက်ခံထားကြတာပါ။ ဒီနေရာတွေတင်မဟုတ်သေးပါဘူး ရေဝပ်ဒေသလို့ခေါ်တဲ့ နေရာတွေဝါလည်း လူသားတွေရေရှည်အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အရေးပါတဲ့နေရာက ရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ဝန်းကျင်ကစပြီး သိရှိခဲ့ကြပါတယ်။ အဲ့ဒါကြောင့် တစ်ကမ္ဘာလုံးနီးပါးက ရေဝပ်ဒေသတွေကို ထိန်းသိမ်းမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၅ ခုနှစ် မတ် လ ၁၇ ရက်နေ့မှာ ရမ်ဆာရေဝပ်ဒေသ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဟာ သဘာဝသယံ ဇာတပေါကြွယ်သလို ရေဝပ်ဒေသ ဂေဟစနစ်အပါအဝင် မတူကွဲပြားတဲ့ ဂေဟစနစ်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားပြီး သစ်တောသယံဇာတတွေနဲ့အတူ အရေးပါလှတဲ့ ရေဝပ်ဒေသတွေကို ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဝှမ်း ဒေသတွေမှာ ၈၅ ခု၊ သံလွင်မြစ်ဝှမ်း ဒေသမှာ ခြောက်ခု၊ စစ်တောင်းမြစ်ဝှမ်း ဒေသမှာ ငါးခုနဲ့ ရခိုင်ကမ်းရိုးတန်းဒေသမှာ သုံးခု စုစုပေါင်း ၉၉ ခုကို ဖော်ထုတ်မှတ်တမ်းတင် ထားတယ်လို့ သစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ မိုးယွန်းကြီးအင်း (မိုးယွန်းကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့ တော)၊ ၂၀၁၆ ခုနှစ်မှာ အင်းတော်ကြီး (အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) ၊ ၂၀၁၇ ခုနှစ်မှာ မိန်းမလှကျွန်း (မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) နဲ့ မုတ္တမပင်လယ်ကွေ့ဒေသ၊ ၂၀၁၈ ခုနှစ်မှာ အင်းလေးကန် (အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော) အပါအဝင် ၂၀၂၀ ပြည့်နှစ်မှာတော့ နံ့သာကျွန်းနဲ့ မေယုမြစ်ဝဒေသ တွေကို ကမ္ဘာ့အဆင့် အရေးပါတဲ့ ရမ်ဆာရဝပ်ဒေသ (Ramsar Site)တွေအဖြစ် အသိအမှတ်ပြု မှတ်တမတင်နိုင်ခဲ့ပြီးတော့ လက်ရှိမှာ နိုင်ငံတကာ အသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၀၀၀၀ ကျော် (၆၈၈၃၈၂ ဧက) ကျော်ကို ထိန်းသိမ်းထားတယ်လို့ စာရင်းတွေအရ သိရပါတယ်။
အဲ့ဒီဒေသတွဟာ လုံခြုံစိတ်ချရပြီး အစားအစာတွေ ပေါများတဲ့ ရေဝပ် ဒေသတွေဖြစ် တာကြောင့် ဌာနေဒေသမျိုးရင်းငှက်မျိုးစိတ်တွေ ပေါကြွယ်ဝသလို ကမ္ဘာ့အအေးပိုင်း ဒေသတွေက လာရောက်ကြတဲ့ ဆောင်းခိုငှက်တွေဟာလည်း လာရောက်ခိုနားကြပါတယ်။ အဲ့ဒီဒေသတွေမှာ ရေညှောင့် နှုတ်သီးဝိုင်းငှက် နဲ့ ပို့ချပ်ခေါင်းစိမ်း တို့လို မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ် (Endangered-EN) ဖြစ်တဲ့ငှက်တွေအပြင် ခြေစိမ်းခြောက် ၊ နော့ နဲ့ မြစ်တွေး ဗိုက်မည်း ငှက်တွေလိုမျိုး ရွှေ့ပြောင်းနေထိုင်တဲ့ ရေပျော်ငှက်မျိုးစိတ်ပေါင်း များစွာဟာလည်း လာရာက်ကျက်စားလေ့ရှိကြပါတယ်။
သစ်တောဦးစီးဌာနရဲ့ နှစ်စဉ်ငှက်စာရင်း ကောက်ယူမှုတွေ အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေဝပ်ဒေသမှာ ငှက်မျိုး စိတ် ၁၂၀ နဲ့ ကောင်ရေ ၂၀၀၀၀ ကျော်၊ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသမှာ ငှက်မျိုးစိတ် ၁၃၉ မျိုးနဲ့ ကောင်ရေ ၃၆၀၀၀ ကျော်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသမှာ ငှက်မျိုးစိတ် ၁၈၄ မျိုးနဲ့ ကောင်ရေ ၁၆၀၀၀ ကျော် ၊ မိန်းမ လှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ရေဝပ်ဒေသမှာ ငှက်မျိုးစိတ်ပေါင်း ၁၈၁ မျိုး၊ အကောင်ရေ ၁၀၀၀၀ ကျော်အထိ လာရာက်ကျက်စားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရမ်ဆာဒေသတွေထဲက ရခိုင်ပြည်နယ်မှာ တစ်ခုတည်းသော ရမ်ဆာဒေသအဖြစ် တည်ရှိနေတဲ့ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားက နံ့သာကျွန်းနဲ့ မေယုမြစ်ဝဒေသဟာဆိုရင် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ရမ်ဆာ (Ramsar) ရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုထားခဲ့သလို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အဏ္ဏာဝါအမျိုးသားဥယျာဥ်အဖြစ်လည်း သတ်မှတ်ထားခြင်းခံထားရပါသေးတယ်။
အဲ့ဒီဒေသဟာ မေယုမြစ်ဝနဲ့ ဘဂ်လားပင်လယ်အော်ကြားမှာတည်ရှိတာဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်ရေ အနညငယ်သာကျန်ရှိတော့တဲ့ ငှက်မျိုးစိတ်တွေလာရောက်ကျက်စားကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရှားပါး ပင်လယ်လိပ်ကြီးတွေလည်း လာရောက် ဥချလေ့ရှိပြီး ရေဝပ်ဒေသပျော်စံရာ သတ္တဝါပေါင်းများစွာဟာလည်း မှီခိုနေထိုင်ကျက်စားရာ နေရာတစ်ခုဖြစ်ပါတယ်။
ရေဝပ်ဒေသတွေကိုရေရှည် ထိန်းသိမ်းနိုင်ဖို့အတွက် “ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar)မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကွန်ဗင်းရှင်းကသတ်မှတ်ထားတဲ့ ဒေသတွေကိုတော့ “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ”လို့လည်း ခေါ်ဆိုကြပါတယ်။လက်ရှိမှာ ရေဝပ်ဒေသများကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၅၀၃ ခုနဲ့ ဟတ်တာပေါင်းသန်း၂၅၀ သတ်မှတ်ထိန်းသိမ်းထားတယ်လို့ စာရင်းတွေအရ သိရပါတယ်။
ရေဝပ်ဒေသတွေဆိုတာဟာ ဒီရေကျချိန်မှာ ရေအနက်ခြောက်မီတာထက် ပိုမနက်တဲ့အဏ္ဏဝါရေပြင်တွေ အပါအဝင် ရေသေ(သို့မဟုတ်) စီးဆင်းနေတဲ့ ရေချို၊ ရေငန်၊ ဆားငန်ရေများရှိတဲ့နေရာတွေဖြစ်ပြီး အဲ့တာတွေဟာ ယာယီ ဒါမှမဟုတ် အမြဲတမ်းရှိနေတဲ့ (သဘာဝသို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားတဲ့) ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ရေဝပ်ဒေသတွေကို ပင်လယ်ကမ်းခြေ ရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီး ထားသော ရေဝပ်ဒေသများနဲ့ ကုန်းတွင်းရေချိုရေဝပ်ဒေသများဆိုပြီးတော့ သုံးပိုင်း ခွဲခြားထားပါတယ်။ ရေဝပ်ဒေသတွေဟာ မြစ်၊ ချောင်း၊အင်း၊ အိုင်တွေရေကန်နဲ့ ရေအောင်းလွှာတွေ ၊ နွံအိုင်တွေနဲ့ ရွှံ့မြေတွေ၊ စိုစွတ်တဲ့မြက်ခင်းလွင်ပြင်တွေ ၊ ပင်လယ်သဲသောင်ကမ်းပါးတွေ၊ ကမ်းလွန်ကျွန်းစုငယ်တွေ၊ ပင်လယ်ဝဧရိယာတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ ၊ ဒီရေရောက်ကမ်းခြေတွေ ၊ ဒီရေတောတွေ၊ ကမ်းရိုးတန်းဒေသတွေ၊ သန္တာ ကျောက်တန်းတွေ ၊ ငါးကန်၊ ပုစွန်ကန်၊စပါးကွင်း၊ ဆားကွင်းတွေ ၊ ဆည်ရေလှောင်နေရာတွေနဲ့ဆည်ရေသောက် ဧရိယာတွေလည်း ပါဝင်ပါတယ်။
ရေဝပ်ဒေသတွေဟာ နိုင်ငံတစ်နိုင်ငံ ချင်းစီအတွက်သာမကဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်တည်ငြိမ်ရေး အတွက်လည်း အထူးအရေးပါတယ်လို့ ပညာရှင်တွေကပြောဆိုကြပါတယ်။
ရေဝပ်ဒေသတွေဟာ စားရေရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝဘေးအန္တရာယ်တွေကနေ အကာအကွယ်ပေး ရေးတို့အတွက် မရှိမဖြစ် လိုအပ်လွန်းပြီး အရေးပါတဲ့ ဂေဟစနစ် တစ်ခုလို့လည်း ပညာရှင်တွေက ဆိုကြပါတယ်။ဒါ့အပြင် မြေဆီလွှာတွေ အတွင်း ကာဗွန် သိုလှောင်မှုတိုးပွားပြီး ရာသီဥတု ပြောင်းလဲမှု လျှော့ချနိုင်တာ၊ ရေကြီးရေလျှံခြင်းတွေလိုမျိုးသဘာဝ ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တာ၊ရေပျော်ငှက် အပါအဝင် ဇီဝမျိုးစုံ မျိုးကွဲတွေကို ထိန်းသိမ်းနိုင်တာ၊ရေချို ပံ့ပိုးပေးပြီး ရေထု ညစ်ညမ်းမှုတွေကို သန့်စင်ပေးတာ၊ငါး၊ ပုစွန်၊ ကဏန်း စတဲ့ရေထွက် ပစ္စည်းတွေ၊ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ တိရစ္ဆာန် မွေးမြူရေးစတဲ့ လုပ်ငန်းတွေအတွက် အထောက်အပံ့ ပြုပြီး စားရေရိက္ခာဖူလုံဖို့ ပံ့ပိုး ပေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင် ရေးလုပ်ငန်းတွေအတွက် အရေးပါတာအပြင်ဒေသခံပြည်သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်စေတာ စတဲ့အကျိုးကျေးဇူးတွေကို ပံ့ပိုးပေးနေတယ်လို့လည်း ပညာရှင်တွေကပြောဆိုထားကြပါသေးတယ်။
ဇီဝဘူမိထူးခြားတဲ့ ဒေသတွေမှာဆိုရင် သဘာဝအတိုင်း ဒါမှမဟုတ် သဘာဝနီးပါးရှိနေတက်တဲ့ ထူးခြားရှားပါး ရေဝပ်ဒေသတွေရှိနေတက်ပြီး ၊ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းဖို့အတွက် ထောက်ပံ့ပေးနိုင်တဲ့ ရေဝပ်ဒေသဖြစ်တာ၊ အပင်နဲ့ တိရစ္ဆာန် မျိုးစိတ်တွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် အကောင်းဆုံးအခြေအနေကို ပေးနိုင်တာ(ဒါမှမဟုတ်) ခိုလှုံခွင့်ပေးနိုင်တဲ့ရေဝပ်ဒေသ ဖြစ်တာ၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နဲ့အထက် ပုံမှန်ကျက်စားနိုင်တဲ့ ရေဝပ် ဒေသဖြစ်တာအပါအဝင် ရမ်ဆာကွန်ဗန်းရှင်းကသတ်မှတ်ထားတဲ့ စံနမူနာ ကိုးချက်ထဲက အနည်းဆုံး တစ်ချက်နဲ့ကိုက်ညီခဲ့ရင်တောင် ရမ်ဆာဒေသအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။
အခုလို ရေဝပ်ဒေသဟာ အဖိုးတန်လှပမယ့် ရခိုင်ပြည်နယ်ရဲ့ တစ်ခုတည်းသော ရေဝပ်ဒေသဟာလက်ရှိမှာ ဘေးအန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ထိန်းသိမ်းစောင့်ရှောက်သူတွေကဆိုပါတယ်။ ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးနောက်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူတာခံခဲ့ရတာကြောင့် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အခက်ခဲတွေစတင်ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြာင့် သစ်တောဦးစီးဌာနအနေနဲ့ လုံခြုံရေးအကြောင်းပြပြီး ရမ်ဆာဒေသကို သွားရောက်ကွာကွယ်တာတွေ စတင်ပျက်ကွက်ခဲ့ပါတယ်။ အဲ့ဒီလိုပျက်ကွက်မှုတွေကြောင့် ကျွန်းအနီးမှာ ကျော့ပိုက်ထောင်တာတွေ၊ ကျွန်းမှာလာရောက်ကျက်စားတဲ့ ပင်လယ်လိပ်တွေကို သတ်ဖြတ်တာတွေ၊ ပင်လယ်လိပ်ဥတွေကို ရှာဖွေတူးဖော်ခံရမှုတွေအပြင် နံ့သာကျွန်းအနားမှာ သဘော်တွေနဲ့ သဲလာစုပ်ယူမှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရတယ်လို့ အဲ့ဒီဒေသကို အဓိက ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ စစ်တွေမြို့က တစ်ပိုင်တစ်နိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူ ကိုရန်နောင်စိုးကဆိုပါတယ်။
“ကျွန်တော်တို့က ပုဂ္ဂလိကအနေနဲ့ပဲဆိုတော့ အသိပညာပေးတာတွေကိုပဲ လုပ်လို့ရခဲ့တယ်။ ငှက်တွေနေတဲ့ နံ့သာကျွန်းပေါ်မှာ ငှက်တွေကိုလာထောင်ဖမ်းတာတွေ၊ လိပ်ဥလာတူးကြတာတွေရှိခဲ့တယ်။ သစ်တောဦးစီးဖက်က ဘယ်သူမှ မလာနိုင်ခဲ့ကြတော့ တော်တော်လေး ထိခိုက်မှုတွေရှိခဲ့တယ်။ နောက်ဆုံး ကျွန်တော်ပဲ အမုန်းခံပြီး လူတွကို ဟန့်တားခဲ့ရတယ်“လို့ သူကဆိုပါတယ်။
အဲ့ဒီလိုအခက်အခဲတွေကြားက ထိမ်းသိမ်းမှုတွေကို လုပ်ဆောင်လာရင်းနဲ့ ၂၀၂၃ ခုနှစ် ၊ မေလ ၁၄ ရက်နေ့မှာတော့ အားပြင်းလှတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြီးဟာ ရခိုင်ကမ်းရိုးတန်းကို အရှိန်အဟုန်နဲ့ တိုက်ခတ်ခဲ့ပါတယ်။ အဲ့ဒီအရှိအဟုန်ကြောင့် ထိမ်းသိန်းမှုအားနည်းနေတဲ့ ရမ်ဆာဒေသဟာ ထက်ဝက်လောက် ပျက်စီးခဲ့ရတယ်လို့ ကျွန်းကိုအဓိက ထိန်းသိမ်းစောင့်ရှာက်မှုတွေလုပ်ဆောင်နေတဲ့ ကိုရန်နောင်စိုးက ပြောပါတယ်။
“မုန်တိုင်းကြောင့် ငှက်တွေနေထိုင်လေ့ရှိတဲ့ ကျွန်းရဲ့ ဒီရေတောပင်တွေအကုန်သဲဖုံးကုန်တယ်။ အရင်ကျွန်းအနားမှာ သဲလာတူးခဲ့တဲ့နေရာနဲ့တစ်ဆက်တည်းကို ပင်လယ်လှိုင်းဝင်ဆောင့်ပြီး နံ့သာကျွန်းဟာ နှစ်ပိုင်းပြတ်ထွက်သွားတယ်။ ကျွန်းဟာ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ ပြောလို့ရတယ်။ နောက်ပြီး ကျန်တဲ့ ငှက်တွေကျက်စားတဲ့ နေရာတစ်ချို့ဆိုရင်လည်း ပျက်စီးကုန်တာတွေရှိတယ်။ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တာဆိုတော့ ကျွန်တော်တို့လည်း ဘာမှမတက်နိုင်ခဲ့ဘူး” လို့ သူကရှင်းပြပါတယ်။
အဲ့ဒီလို ပျက်စီးမှုတွေရှိခဲ့ပြီး ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ကြိုးပမ်းနေတုန်းမှာပဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြန်ပါတယ်။ အဲ့ဒီစစ်ဆင်ရေးကြောင့် စစ်ကောင်စီလက်အောက်ခံရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဟာ ရခိုင်က ကုန်းလမ်း၊ ရေလမ်းတွေကို သွားလာခွင့် ပိတ်ပင်ခဲ့ပြန်ပါတယ်။ အဲ့ဒီလိုသွားလာခွင့်ပိတ်ပင်ခဲ့တာကြောင့် စစ်တွေမြို့ပြင်ထွက်ခွင့်မရတော့ဘဲ ရမ်ဆာဒေသကို သွားရောက်ကြည့်ရှုစောင့်ရှောက်တာတွေကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။
နံ့သာကျွန်းနဲ့မေယုမြစ်ဝကို ရမ်ဆာရေဝပ်ဒေသအဖြစ် ကမ္ဘာက အသိအမှတ်ပြုအောင် ကူညီပေးခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA) အဖွဲ့အစည်းအနေနဲ့လည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရခိုင်ကရမ်ဆာဒေသမှာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို ရပ်နားထားခဲ့ရတယ်လို့ ဆိုပါတယ်။
“ရခိုင်က ရမ်ဆာဒေသကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အစီအစဥ်တွေ၊ ငွေအင်အား၊ လူအင်အား၊ အကုန်လုံးပြည့်စုံနေပေမယ့် နယ်မြေမတည်ငြိမ်မှုကြောင့် ဒါတွေကို ရပ်နားထားရပါတယ်။ အခုမြန်မာနိုင်ငံမှာရှိတဲ့ ရမ်ဆာဆိုက်တွေထဲက အင်တော်ကြီးဆိုရင်လည်း အချို့အပိုင်းတွေမှာ အခက်အခဲရှိလို့ ထိန်းသိမ်းစောင့်ရှောက်မှုအချို့ကို ရပ်နားထားရပေမယ့် ရခိုင်ကရမ်ဆာဆိုက်ကတော့ တစ်ခုလုံးကိုရပ်နားထားရတဲ့အနေအထားပါ“လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
သစ်တောဦးစီးဌာနအနေနဲ့ နံသာကျွန်းနဲ့ မေယုမြစ်ဝကို ၂၀၂၃ ခုနှစ်မှာ လာရောက်ကျက်စားခဲ့တဲ့ ဆောင်းခိုငှက်စာရင်းကို မကောက်ယူနိုင်ခဲ့ပေမယ့် အဓိကထိန်းသိမ်း စောင့်ရှောက်မှုတွေလုပ်ဆောင်နေခဲ့သူတွေ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အရင်က နှစ်စဥ် ငှက်မျိုးစိတ် ၁၀၀ ဝန်းကျင်ခန့်နဲ့ ငှက်အကောင်ရေ ၁၀၀၀၀အထက် လာရောက်ဆောင်းခို ကျက်စားခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာ မျိုးစိတ်ပေါင်း ၅၀ ခန့်နဲ့ အကောင်ရေ ၂၀၀၀ ဝန်းကျင်လောက်ပဲ လာရောက်ကျက်စားခဲ့ပါတယ်။ ဒါ့အပြင် အရင်က ၂၃ ကောင်ကနေ ၃၆ ကောင်လောက်အထိ လာရောက်ကျက်စားလေ့ရှိခဲ့တဲ့ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တစ်ခု ဖြစ်တဲ့ ရေညှောင့်နှုတ်ဝိုင်းငှက်မျိုးစိတ်ဟာဆိုရင်လည်း ၃ ကောင်လောက်သာ လာရောက်ကျက်စားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနာက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာတာနဲ့တစ်ပြိုင်နက် စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ပြင်ဖက်က သူတို့ရဲ့တပ်ရင်းတွေကနေ ရသေ့တောင်မြို့နယ်၊ပုဏ္ဍားကျွန်းမြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေဆီ လက်နက်ကြီးတွေကို နေ့စဥ်ရက်ဆက်ဆိုသလို ပစ်ခတ်ခဲ့ကြပါတယ်။ လက်နက်ကြီး ပစ်ခတ်သံဟာ ကျယ်လောင်လွန်းလှတာကြောင့် မြို့တွင်းကအိမ်တွေဟာ လက်နက်ကြီး တစ်ခါပစ်တိုင်း တစ်ကြိမ်စီတုန်ခါခဲ့ပါတယ်။လက်နက်ကြီးပတ်ခတ်တဲ့နေရာတွေဟာ ရမ်ဆာဆိုက်နဲ့ မနီးမဝေးမှာ တည်ရှိနေတာဖြစ်တဲ့အတွက် ဒီလို ပေါက်ကွဲသံတွေ၊တုန်ခါမှုတွေကြောင့် ရမ်ဆာဒေသမှာရှိတဲ့ ဆောင်းခိုငှက်တွေနဲ့ လိပ်သားပေါက်တွေအတွက် အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေရှိတယ်လို့ ပညာရှင်တွေကဆိုပါတယ်။
“လက်ရှိ ဖြစ်ပွါး လျက်ရှိသော ပြည်တွင်းစစ်သည် နံသာကျွန်းရှိ ဆောင်းခိုငှက်များနှင့် လိပ်များ၏ သားပေါက်ရာ နေရာများကို အနဲ နှင့် အများ ထိခိုက်မှု ရှိစေပါတယ်။
ကာလအတွင်း ဖြစ်ပေါ်လာတဲ့ လေယာဉ် တိုက်ခိုက်မှု၊ ပျံသန်းမှု၊ လက်နက်များနှင့် ပစ်ခတ်မှု အသံများသည် နံသာကျွန်းတွင် နေထိုင်ကျက်စားသော ငှက်မျိုးစိတ်များ ( ဆောင်းခိုငှက်များအပါအဝင်)အတွက် Noise pollution ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါမှာ ပုံမှန်လာရောက်ကျက်စားတဲ့ ငှက်များ က အဲဒီနေရာကို မလာတော့ဘဲ အခြားနေလို့ စားလို့ရတဲ့ နေရာမှာ ပြောင်း ရွှေ့ ကျက်စားနိုင်ပါတယ်။ ထိုနံသာကျွန်း သဲသောင်ပေါ်သို့ ပုံမှန် လာရောက် ဉအုသော ပင်လယ်လိပ်များသည် လည်း ထို Noise pollution ကြောင့် မျိုး ပွါး ရာတွင် ထိခိုက်မှု ဖြစ်စေပါသည်။ ၄င်းတို့ နေရင်း ဒေသ နေထိုင်ကျက်စားရာ နေရာကို အများကြီး ထိခိုက်စေပါတယ်။
ဌာနေငှက်မျိုးစိတ်တွေ အတွက် မျိုးပွါးရန် မိတ်ဖက်ရှာဖွေခြင်း၊ အသိုက်ဆောက်ခြင်း၊ ခြင်း၊ အစာရှာဖွေ စားသောက်ခြင်း တို့ကို အနှောက်အယှက်ဖြစ်စေတဲ့အတွက် အဲဒီနေရာမှာ လာရောက်ကျက်စားတဲ့ ငှက်မျိုးစိတ် နဲ့ အခြားသော တိရစ္ဆာန်အကောင်ရေများ ကျဆင်းနိုင်ပါတယ် ” လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)အဖွဲ့ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သီရိဒေဝီအောင်က ရှင်းပြပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လုံခြုံရေးအရ အန္တရာယ်ရှိတာကြောင့် ထိရောက်စွာ ဆောင်ရွက်ရန် အားနည်းလာနိုင်တဲ့အတွက် တရားမဝင် သဘာဝရင်းမြစ် ထုတ်ယူသုံးစွဲမှုတွေ ဖြစ်တဲ့ ဒီရေတောခုတ်ခြင်း၊ သဲတွေ အလွန့်အကျွံ ထုတ်ခြင်းတွေဟာ ငှက်တွေနဲ့ ပင်လယ်လိပ်တွေအတွက် နေရင်းဒေသများ ကို ပျက်စီးစေပါတယ် ။ ဒါ့အပြင် ငှက်ဖမ်းမုဆိုးတွေလည်း တရားဉပဒေ စိုးမိုးမှု မရှိတဲ့အတွက် နေရာတိုင်းမှာငှက်ဖမ်းလာနိုင်လို့ဆိုပါတယ်။University of East Anglia တက္ကသိုလ်က လေ့လာထားချက်အရ ပြည်တွင်းစစ် ဖြစ်တဲ့နိုင်ငံ တွေမှာ တရားမဝင်တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု၊ အမဲလိုက်ခြင်းနဲ့ နေရင်းဒေသများ ပျက်စီးခြင်းတို့ ဖြစ်ပွါးတာကို တွေ့ရပြီး လူတွေရဲ့ လက်ထဲမှာ အလွယ်တကူပစ်နိုင်တဲ့ သေနတ်တွေ ရှိခြင်းကလည်း အမဲလိုက်ခြင်းကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ပြည်သူတွေကလည်း တောထဲကို စစ်ဘေးရှောင်လာခြင်းနဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်ခြင်းတွေဟာ တောထဲက တောရိုင်းတိရစ္ဆာန်တွေကို အများကြီး ထိခိုက်မှု ရှိတဲ့အတွက် အကောင်ရေအတွက်တွေ ကျဆင်းလာခဲ့ပါတယ်ဆိုတာ တွေ့ရတယ်လို့ ဒေါ်သီရိဒေဝီအောင်က ဆိုပါတယ်။
ရေဝပ်ဒေသတွေဟာ မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း၊ ပြင်ပမျိုးစိတ်များ ကျူးကျော်ဝင်ရောက် ခြင်း၊ ရေဝပ်ဒေသများ၏ ဂေဟစနစ်၊ ရေရှည်တည်တံ့မှုကို ထိခိုက်နိုင်ခြေရှိသည့် ရေရှည်တည်တံ့မှုမရှိနိုင်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်းစတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ဒါ့အပြင် ရေဝပ်ဒေသတွေက ရေကိုအလွန်အကျွံ ထုတ်ယူပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာ၊ ရေနက်ကွင်းစိုက်ပျိုးမြေတွေ ဖော်ထုတ်တာ၊ ရွှေနဲ့ဓာတ်သတ္တု အမျိုးမျိုး တူးဖော်ထုတ်လုပ်တာ၊ ကမ်းရိုးတန်းဒေသတွေမှာ ဒီရေတောတွေ
ပြုန်းတီးတာတွေကြာင့် မြစ်၊ ချောင်း၊ အင်းအိုင်တွေ အပါအဝင် ရေဝပ်ဒေသတွေ အတွင်းကို ရေစီးဆင်းမှုနဲ့ ရေဝပ်ဒေသရဲ့ရေလွှမ်းလွင်ပြင် ဧရိယာတွေကိုပြောင်းလဲစေတက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနအနေနဲ့ “အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လမှာ စတင်ရေးဆွဲနိုင်ခဲ့ပြီးတော့ ရေဝပ်ဒေသတွေ ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ရေဝပ်ဒေသတန်ဖိုးတွေကို ထည့်သွင်းဆောင်ရွက်စေတာ၊ ပြည်သူတွေပူးပေါင်း ပါဝင်လာအောင်ပြုလုပ်တာ ၊ ဒေသနဲ့နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်တွေမှာ ပါဝင်တာ စတဲ့ ရေဝပ်ဒေသ မူဝါဒတွေကို ချမှတ်ဆောင်ရွက်နေပြီး ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနတွေ အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ အာရက္ခတပ်တော် (AA)အနေနဲ့လည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လက်ရှိမှာ ဥပဒေတွေရေးဆွဲနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ မတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ လက်ရှိအခြအနအရ ရခိုင်က ရမ်ဆာဒေသဟာ စစ်တွေမြို့နယ်နဲ့ရသေ့တောင်မြို့နယ်ကြားမှာတည်ရှိနေတာကြာင့် အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့နှစ်ဖက်စလုံးရဲ့ အုပ်ချုပ်မှုကြားမှာ ရှိနေပါတယ်။ဒါပေမယ့် နှစ်ဖက်စလုံးရဲ့ ထိရောက်တဲ့ ထိန်းသိမ်းမှုတွေကိုတော့ လက်ရှိအချိန်ထိ မတွေ့မြင်ရသေးပါဘူး။
ဘယ်လိုပဲ ထိန်းသိမ်းရေးလုပ်ငန်းမျိုးစုံကို အမျိုးသားအဆင့် မဟာဗျူဟာတွေ၊ ဥပဒေတွေ ရေးဆွဲပြီး ထိမ်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေက တယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ရဲ့ အဖိုးတန် ရမ်ဆာဒေသဟာ ဘေးအန္တရာယ်ကြားထဲမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ပြီးတော့ အချိန်မှီ ထိန်းသိမ်းမှုတွေကို လိုအပ်နေပြီး အချိန်မှီသာ ထိမ်းသိမ်းမှုမလုပ်ဆောင်နိုင်ခဲ့ရင် ပျက်စီးပျောက်ကွယ်သွားမလားဆိုတာကတော့ စိုးရိမ်ဖွယ်ရာ တစ်ခုအနေနဲ့ ရှိနေပြီပဲ ဖြစ်ပါတယ်။