ဌာနချုပ်တစ်ခုလုံး အပြင်းအထန် ထိုးစစ်ဆင်ခြင်းခံနေရတဲ့ အမ်းမြို့ ကို လေကြောင်းက စစ်ကူပို့ ခဲ့ပေမယ့်
အဲ့ဒီ စစ်ကြောင်းကို အာရက္ခတပ်တော်က အမ်းမြို့အနီးက ရိုးမတော တနေရာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၇ ရက်က ညပိုင်းက အမ်းမြို့အနီးက ရိုးအဆင်းတနေရာမှာ လေကြောင်းကနေ လာရောက်ပို့ဆောင်ခဲ့တာဖြစ်တယ်
လို့ သတင်းရင်းမြစ် က ပြောပါတယ်။
“လေကြောင်းတစ်ခုက အမ်းမြို့ကို ဗုံးကြဲနေတဲ့ အချိန်မှာ တခြားတစ်ကြောင်းက တောထဲကို လူတွေလာချတယ်၊ အဲ့ဒီအဖွဲ့က ခြေလျှင်စစ်ကြောင်း တောထဲက ဆက်လာပြီး အာရက္ခတပ်တော်နဲ့ တိုက်ပွဲဖြစ်တယ်၊ ဌာနချုပ်ထဲကို မရောက်လိုက်ဘူး၊ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဉီးဆောင်တယ် ၊ အရှင်ဖမ်းမိတဲ့ တပ်သား က တော့ ၅၀ ဖြစ်ပါတယ် “
လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်မြေပြင်ကို လေကြောင်းက ပို့လွှတ်ခံရတာဖြစ်ပြီး စနိုက်ဘာ သမားတွေ လည်းပါဝင်တယ်လို့ ဆိုပါတယ်။
“သူတို့ စဆင်းတဲ့ ညမှာပဲ မီးတွေ တွေ့လို့ သူတို့ နောက်ကို AA ဘက်က တစ်ဖွဲ့လိုက်တယ်၊ အဲ့ဒီအဖွဲ့နဲ့ သူတို့ နှစ်ရက်လောက် တောထဲမှာ တိုက်ပွဲဖြစ်သေးတယ်။ ဆက်ပြေးလာပြီး ဌာနချုပ် အနားရောက်တော့ ဌာနချုပ်ကို ဝိုင်းထားတဲ့ တဖွဲ့ နဲ့ ထပ်တိုးတယ် ၊ နှစ်ဖွဲ့ပေါင်းပြီး ဖမ်းလိုက်တာ ” လို့ ဖြစ်စဉ် ကို သူက ရှင်းပြပါတယ်။
စစ်ကောင်စီဘက်က အမ်းမြို့ တိုက်ပွဲကို ခြေလျှင် စစ်ကြောင်း ၊ အမြန်စစ်ကြောင်း အပါအဝင် လေကြောင်း ကပါ စစ်ကြောင်းတွေ ပို့လွှတ်နေပေမယ့် ပုံစံ အမျိုးမျိုးနဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရ တာ ဖြစ်ပါတယ်။
“နပခ နဲ့ အပြင်က ဝိုင်းထားတဲ့ AA အဖွဲ့နဲ့ က မြေပြင် တိုက်ပွဲမဖြစ်ဘူး ၊ လေကြောင်းက လာကြဲတာရယ်။ ဒရုန်းနဲ့ ပစ်တာရယ် ပဲရှိတယ်။ ဖြစ်နေတာက ရိုးမထဲမှာ သုံးနေရာလောက်ဖြစ်နေတယ်” လို့ အမ်းဒေသခံ စစ်ရေး သတင်းရင်းမြစ် တစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီဟာ နပခဌာနချုပ်ကို လေကြောင်းက နေ့စဉ်ပစ်ခတ်နေပြီး နိုဝင်ဘာ ၂၇ ရက်က စပြီး ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မနားတမ်း လေကြောင်းက ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင်း အမ်းမြို့ တစ်ခုလုံးနီးပါး ပျက်စီးနေပြီး အဲ့ဒီအထဲက စစ်ဘေးမရှောင်နိုင်သေးတဲ့ ဒေသခံ တချို့ဟာလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်
အဉ္စနလီညှင်း(လေးဝတီ FM )ရေးသည်။