ရခိုင်ပြည် ၊ကျောက်ဖြုမြို့သစ်ပုတ်တောင်(ဓည၀တီ)ရေတပ်ဌာနချုပ် အနီး အုန်းကျွိန်ရေတပ်စခန်းကနေ စစ်ကောင်စီရဲ့ ပစ်ခတ်နေမှုကြောင့် စီမံကိန်းအနီးဝန်းကျင်က ကျေးရွာတွေဟာ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ စတင်စစ်ဘေးရှောင်ပြောင်းရွှေ့နေရတယ်လို့ သတင်းရရှိပါတယ်။
တရုတ်စီမံကိန်းတွေ တည်ရှိတဲ့ ကျောက်ဖြူ မဒေးကျွန်းနဲ့ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ တောင်ရှည်ကျေးရွာ၊ ၀ါးတောင်ကျေးရွာ၊ ကညင်တောကျေးရွာ၊ မောက်တင်ကြီးကျေးရွာ၊ မရဇိုင်းကျေးရွာနဲ့ အောင်သာယာကျေးတို့က ဒေသခံများ ထောင်ချီဟာ ရွာအနီး ဝန်းကျင်ကို လက်နက်ကြီးကျရောက်လာတဲ့ အတွက် ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြတယ် လို့ ဆိုပါတယ်။
“လက်နက်ကြီးကျဉ်က မရဇိုင်းတောင်နဲ့ ကျောက်တောင်ကို ခဏခဏ ကျတယ်။ နောက်ပြီး ဒရုန်းတွေ ကင်းထောက် တဲ့ လေယာဉ်ပျံ တွေက ကအမြဲတမ်း၀ဲနေတယ်။ ရွာမှာ ရှိတဲ့ လူတွေက မနေရဲတော့ဘူး ၊ တိုက်ပွဲတော့မရှိသေးပေမယ့် နေ့စဉ်ရက်ဆက် အဲ့လို လုပ်နေတော့ ရွာသွားတွေက မနေရဲတော့ဘူး “ လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်က မြို့သိမ်းတိုက်ပွဲတွေ တစ်ခုပြီး တစ်ခု ဆင်နွဲလာတဲ့ အာရက္ခတပ်တော် AA ဟာ တရုတ်စီမံကိန်းတွေ အခြေစိုက်တဲ့ ကျောက်ဖြူမြို့မှာလည်း နှစ်ဖက် စစ်ရေးတင်းမာပြီး စစ်ဆိုင်နေတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စစ်အင်အားတွေကို ရေတပ်ကိုအသုံးပြုပြီး ဖြည့်တင်းထားသလို အာရက္ခတပ်တော် AA ဘက်ကလည်း ကျောက်ဖြူမြို့နယ်ကို စစ်ရေးအရ ပိတ်ဆို့ထားပြီးဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ဟာ ကျောက်ဖြူမြို့တွင်း ၊ မြို့ပြင် ၊ လေယာဉ်ကွင်း နဲ့ ကုန်းမြင့်တွေမှာ တပ်အထိုင်ချထားပြီး အဲ့ဒီနေရာတွေက နေ ပတ်လည်မှာရှိတဲ့ ကျေးရွာတွေကို ကင်းထောက်လေယာဉ်တွေ နေ့စဉ် အသုံးပြု ပျံသန်း နေတယ်လို့ ဆိုပါတယ်။
“ကင်းထောက်လေယာဉ်လာပြီး သိပ်မကြာ ရေတပ်က ပစ်တယ်၊ သူတို့က ဘာကို ထောက်ပြီး ဘာကိုပစ်မှန်းမသိ ၊ ရွာသားတွေက ထွက်ပြေးကြရတယ်” လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် အတွင်းမှာ အခြေစိုက်ထားတဲ့ ဓညဝတီရေတပ်စခန်းဟာ မြို့နယ် ဝန်းကျင်က ကျွန်းရွာများ ကို အဝင်အထွက်တွေ ကန့်သတ်ထားပြီး ဒေသခံတွေဟာ ကျွန်းပေါ်မှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ( ၅၄၂ )၊ ခမရ ( ၅၄၃ ) နဲ့ ဓညဝတီ ရေတပ်ဌာနချုပ်တို့က အခြေစိုက်ပါတယ်။
လေးဝတီ FM ရဲ့ စုံစမ်းသိရှိရတဲ့ သတင်းအချက်အလက်တွေ အရ ကျောက်ဖြူမြို့ ပြင်က ကျောက်တလုံးဒုက္ခသည်စခန်း နဲ့ တခြားဒုက္ခသည်စခန်းတွေက မွတ်ဆလင် စစ်မှုထမ်းတွေကို ခေါ်ယူသင်တန်းပေးပြီး မြို့ရဲ့ ခံစစ် ကို အင်အားတိုးချထားပါတယ်။
အဉ္စနလီညှင်း
လေး၀တီ(FM)