ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေပိုင်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရခိုင်သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုမြတ်ဟိန်းထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မနဲ့ စစ်ခုံရုံးမှာတင်ပြီး စစ်ဆေးခံနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုမြတ်ဟိန်းထွန်းဟာ ဒလမြို့နယ်ဘက်က သူနေထိုင်ရာ လှိုင်မြို့နယ်၊ နေအိမ်သို့ ပြန်လာစဥ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ဖုန်းထဲမှာပါတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပိုစ့်တွေကိုချဲ (share) ထားတာကြောင့် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒလဖက်က စစ်ဆေးရေးဂိတ်တစ်ခုမှာ အဖမ်းခံရတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဖုန်းတွေကို စစ်လို့ ဖုန်းထဲမှာ နိုင်ငံရေး ပိုစ့် (post) တွေကို ချဲ (share) ထားတာတွေ့လို့ ဖမ်းသွားတယ်လို့ ကျွန်တော်တို့ သိရတယ်” လို့ ကိုမြတ်ဟိန်းထွန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုမြတ်ဟိန်းထွန်းကို စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ပြီး သက်သေခံချက်တွေနဲ့ စွပ်စွဲကာ ဥပဒေအကာအကွယ် မရနိုင်တဲ့ စစ်ခုံရုံးကို ပို့ဆောင်ခံထားရတယ်လို့လည်း သိရပါတယ်။
ကိုမြတ်ဟိန်းထွန်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)နဲ့ တရားစွဲဆိုထားတယ်လို့လည်း ဆိုပါတယ်။
ကိုမြတ်ဟိန်းထွန်းဟာ ရခိုင်အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ နိရိဉ္ဇရာသတင်းဌာရဲ့ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သလို၊ လွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
“ဒီလို ဖမ်းဆီးတာကိုတော့ ကျွန်တော်တို့ IMJA အနေနဲ့ရော ကျွန်တော်ကရော အမြဲတမ်း ရှုံ့ချပါတယ်၊ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က လုံးဝကို ကန့်ကွက်ထားတာတွေလဲ ရှိပါတယ်” လို့ IMJA ရဲ့ ဒုတိယဥက္ကဌ ကိုနိုင်က ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုမြတ်ဟိန်းထွန်း ဟာ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ- ရန်ကုန်) ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။