Laywaddy FM

တရုတ် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ရပ်နားပြီး ဝန်ထမ်းများ စက်ရုံကထွက်ပြေး

တရုတ် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ရပ်နားပြီး ဝန်ထမ်းများ စက်ရုံကထွက်ပြေး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဂုံးချွိန် အုပ်စုမှာရှိတဲ့ OGT စက်ရုံဝန်းကို စစ်ကောင်စီ က ကာကင်းစခန်းအဖြစ် အထိုင်ချလိုက်တဲ့ အတွက် စက်ရုံထဲက တရုတ်ဝန်ထမ်းတွေ နေရာရွှေ့ပြောင်းထွက်ပြေးသွားကြတယ် လို့ သတင်းရရှိပါတယ်။

မေလ ၂၃ ရက်က စစ်ကောင်စီ ရေတပ်အင်အား နဲ့ ကြည်းတပ်အင်အားအမြောက်အများနဲ့ OGT စက်ရုံဝန်း အတွင်းအပြင် နေရာယူလိုက်ပြီး စက်ရုံလည်ပတ်မှုကိုလည်း ရပ်နားထားတာဖြစ်ပါတယ်။

“စစ်ကောင်စီက စီမံကိန်းစက်ရုံကွင်းထဲမှာ ဘန်ကာ တွေ လုပ်တယ်။ နောက်ပြီး စစ်ဖြစ်နေတဲ့နေရာကို အဲ့ဒီကနေ အမြှောက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ အဲဒါကြောင့် တရုတ် ဝန်ထမ်းတွေက တိုက်ပွဲဖြစ်လာမှာကိုသိလို့ စီမံကိန်းကိုရပ်နားပြီး ထွက်ပြေးသွားကြတာပါ” လို့ ကျောက်ဖြူ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

သဘာဝ ဓာတ်ငွေ့ သန့်စင်စက်ရုံ OGT အနီးကို စစ်ကောင်စီက မေလ ၂၃ ရက် က ရေတပ် ၊ ကြည်းတပ် အင်အား လေးရာကျော် ဖြည့်ခဲ့ပြီး အဲ့ဒီစက်ရုံ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲ့ဒီစက်ရုံဟာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ အနီးမှာ ရှိပြီး တိုက်ပွဲဧရိယာ နဲ့ အလွန်နီးကပ်နေတဲ့ အနေအထားလည်းဖြစ်ပါတယ်။

“တရုတ်တွေက ထွက်နေကြပြီ တချို့ကရန်ကုန်ကိုပြန်တယ်၊ တချို့က မဒေးကျွန်းကိုသွားတယ် ” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်ဖြူ မြို့နယ် မလကျွန်း ၊ လိပ်ခမော်၊ ပြင်ရှည် ၊ မင်းတပ်တောင်၊ စက်မှုသင်တန်း‌ကျောင်း စတဲ့ စစ်ကောင်စီ ရဲ့ စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က အဲ့ဒီနေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ကျောက်ဖြူမြို့ထဲက ရေနံ နဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေမှာ တရုတ်၊ ကိုရီယား ၊ အိန္ဒိယ ၊ မြန်မာ ဝန်ထမ်းတွေ ရှိနေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း ၊ လေး၀တီFM

Kay Zue

Related Posts

10 thoughts on “တရုတ် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ ရပ်နားပြီး ဝန်ထမ်းများ စက်ရုံကထွက်ပြေး

Leave a Reply

Your email address will not be published. Required fields are marked *