Laywaddy FM

ဂွမြို့နယ် က ဒေသခံ တစ်သောင်းကျော် ဧရာဝတီ တိုင်းကို စစ်ဘေးရှောင် ၊(အရေးပေါ်အကူအညီတွေ လိုအပ်နေ)

ဂွမြို့နယ် က ဒေသခံ တစ်သောင်းကျော် ဧရာဝတီ တိုင်းကို စစ်ဘေးရှောင် ၊(အရေးပေါ်အကူအညီတွေ လိုအပ်နေ)

ရခိုင်ပြည် ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ဂွမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံတစ်သောင်းကျော် ဟာ ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်နေကြပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။

ဂွမြို့နဲ့ လေးမိုင်အကွာပတ်လည်မှာရှိတဲ့ ရွာတွေကနေ စစ်ဘေးရှောင်ကြတဲ့ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ဟာ ဧရာဝတီတိုင်း က ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အဂ်ပူ မြို့နယ် တို့ ကို အများစု စစ်ရှောင်နေကြရတာဖြစ်ပါတယ်။

“ဆောင်းရာသီလည်းဖြစ်လို့ အနွေးထည်နဲ့ အတူ အရေးပေါ်စားနပ်ရိက္ခာတွေ လိုနေပါတယ်၊ အကူအညီတွေလည်း တဖြည်းဖြည်းနည်းလာပါတယ် “ လို့ ဂွမြို့နယ် စစ်ရှောင်တွေကို အကူအညီပေးနေတဲ့ ဒေသခံ အကူအညီပေးရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂွမြို့နယ် ကျောက်ကြီး ၊ စည်ပင်၊ ရဟိုင်ဖျား၊ မြွေတွေ့ ၊ဆုံတွင်း၊ ကွင်းလျားရှည် ၊ ရဟိုင်ကူးတို့ ၊ အလယ်ရွာ ၊ကမ်းခြေဉီး ၊ မကျည်းငူ စတဲ့ ရွာတွေ က ဒေသခံ တွေဟာ လတ်တလော စစ်ပွဲနဲ့ လွတ်ရာကို တိမ်းရှောင်ကြရတာဖြစ်ပါတယ်။

“ဂွဘက်က တိုက်ပွဲပုံစံက တစ်ရွာချင်းကို တစ်ရစ်ချင်း တစ်ရစ်ချင်း တိုက်နေရတဲ့ သဘောဖြစ်တယ် ၊ သံတွဲ-ဂွ လမ်းပိုင်း တောက်ရှောက်က ရွာတွေ အကုန် တိုက်ပွဲ ထဲ ရောက်တဲ့ သဘောမျိုးဖြစ်နေတယ်။ ” လို့ ဂွမြို့နယ် စစ်ရေးအခြေ အနေကို ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေဟာ ဂွမြို့နဲ့ လေးမိုင်ဝန်းကျင် ကို ရောက်ရှိနေပြီး အဲ့ဒီအနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ဂွမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်က ဟန့်တားတိုက်ခိုက်နေပြီး စစ်ကောင်စီ အင်အား ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဂွမြို့နယ်ကို စစ်ကူပို့တဲ့ တပ်တွေဟာ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နဲ့ ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) စတဲ့ တပ်ရင်း ငါးရင်းက အင်အားတွေ စုပေါင်းပြီး ပို့ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ရခိုင်စစ်ရှောင်ကယ်ဆယ်ရေး အဖွဲ့

ငြိမ်းချမ်းစေ (လေးဝတီ FM )

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *