ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် ဂွမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးနီးပါး ထွက်ပြေးသွားကြောင်း သိရပါတယ်။
“ကျိန္တလီက ဂွမြို့နယ် အစ ဆိုတော့ အဲဒီမှာ တိုက်ပွဲဖြစ်နေပြီဆိုတော့ ဂွမှာ တိုက်ပွဲဖြစ်လာဖို့ မကြာတော့ဘူး။ အဲတော့ မြို့ခံအများစုက တိမ်းရှောင်သွားကြပြီ။ အခြေခံလူတန်းစားလောက်ပဲ ကျန်တော့တယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း တစ်ယောက်မှ မရှိတော့ဘူး။ ပြေးကြပြီ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
ကျိန္တလီမြို့ ကို စစ်ကောင်စီက ကုလားပြင် (ရတနာမြိုင်) ရဲကင်း နှင့် သဗြူးချောင်း ရဲကင်းကနေပြီး အမြောက်များဖြင့် ပစ်ခတ်နေကြောင်း သိရပါတယ်။
“မနေကဆို ကျိန္တလီနားက တောထဲကို လေယာဥ်နဲ့လာပြီး ဗုံးကျဲတယ်။ မြို့ထဲက ရဲစခန်းကိုလည်း လာကျဲတယ်။ အခုထိ လုံခြုံမယ်ထင်တဲ့နေရာမှာ ပုန်းနေရတယ်။ မထွက်ရဲသေးဘူး။ လက်နက်တွေက ပစ်ခတ်နေကြတုန်း” လို့ ကျိန္တလီဒေသခံတစ်ဦးက ဆိုပါတယ်။
ကျိန္တလီမြို့အတွင်း တိုက်ပွဲဖြစ်လာနိုင်သဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်ကပင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ကြိုတင်သတိပေးထားခဲ့သဖြင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး မြို့ထဲတွင် ပိတ်မိနေသူ အချို့လည်း ရှိနေကြောင်း သိရပါတယ်။
ရခိုင်ပြည် တောင်ပိုင်း သံတွဲမြိူ့နယ်ကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေပြီး ယခုအခါ သံတွဲမြို့နယ်ကို ကျော်လွန်ကာ ဂွမြို့နယ်ကိုပါ ထိုးစစ်ဆင်နွှဲနေခြင်းလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ ကျိန္တလီမြို့ သည် သံတွဲ နဲ့ ဂွမြို့ ကြားတွင် တည်ရှိပြီး သံတွဲ မြို့နယ်ထဲက တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသူများ တိမ်းရှောင်ခိုလှုံနေကြသည့် မြို့လည်း ဖြစ်ပါတယ်။