ရခိုင်ပြည် အမ်းမြို့ တိုက်ပွဲအတွင်း ကျည်ဆံကြို ကျည်ဆံကြားက စစ်ရှောင်ထွက်လာတဲ့ အမ်းမြို့ အောက်ရွာကဦးဇင်းတစ်ပါး နဲ့ အရပ်သား (၅) ဉီးဟာ နပခ ဌာနချုပ်အနီးမှာ နိုဝင်ဘာ ၁၆ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ ကနဦးသတင်းရရှိပါတယ်။
အမ်းမြို့ နပခ ဌာနချုပ်အနီး အောက်ရွာရပ်ကွက် က ဦးဇင်းလေး နဲ့ ရပ်ကွက်သူ ရပ်ကွက်သား ၂၀ ကျော်ဟာ ရပ်ကွက်တွင်းကို လေကြောင်းက ဗုံးကြဲ နေလို့ အပြေးအလွှားထွက်ခွာချိန်မှာ နပခ ဌာနချုပ် အနီး စစ်ကောင်စီ ဂိတ်က ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။
“ဦးဇင်းလေးက သက်န်းကို ကိုင်ပြီးရှေ့က ထွက်တယ်၊ ကျန်သူတွေက အလံဖြူကိုင်ပြီ နောက်ကလိုက်ကြတာမှာ ရှေ့က လူတွေကို ပစ်တော့ ကျန်တဲ့ သူတွေလည်း နောက်ကြောင်းပြန်ပြီး ပြေးရတယ် ၊ ဖြစ်တာက အောက်ရွာတံတား အကျော် ဌာနချုပ်ရှေ့မှာ ဖြစ်တာ “ လို့ ဒေသခံ က ပြောပါတယ်။
ဒေသခံတွေဟာ စစ်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အောက်ရွာရပ်ကွက်ကနေ အမ်းမြို့ အစွန်မှာရှိတဲ့ မြို့သစ်ဓာတ်ပေါင်းစု ဘုရား စစ်ဘေးရှောင် စခန်းကို ယာယီစစ်ရှောင်ဖို့ ထွက်ခွာချိန် နပခ ဌာနချုပ် ဂိတ်ကို အဖြတ်မှာ အခုလို အစုလိုက် အပြုံလိုက် ပစ်သတ်ခံရတာဖြစ်ပါတယ်။
“လက်နက်ကြီးနဲ့လည်းနပခက တအားပစ်တယ်။ သူတို့ကနေလို့မရတော့ဘူး ဒီမှာနေရင်လည်း ကျည်ဆံထိမှာပဲ အလံဖြူထောင်ပြီး သွားရင်တော့ သူတို့ ထုတ်ပေးမယ် ဆိုပြီးသွားကြတာ ၊(၅) ယောက် က လဲကျသွားပြီး ပြန်ထမလာတော့ဘူး ၊ ကျန်တဲ့သူတွေကတော့ ကစဉ့်ကလျားထွက်ပြေးကြတယ်။ တစ်ယောက်မှသွားမကြည့်ရဲဘူးအဝေးကမြင်ရတာပါ”ဟု သူက ဆိုသည်။
လေးဝတီ FM အနေနဲ့ သေဆုံးသူများ၏ အမည်များ နဲ့ အရေအတွက် အတိအကျ ကို ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အမ်းမြို့ နပခ တိုက်ပွဲဟာ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး ဆက်သွယ်ရေး လိုင်းတွေလည်း ဖြတ်တောက်ထားတာဖြစ်ပါတယ်။
အမ်းမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ၊ အောက်ရွာရပ်ကွက် ၊ မြို့ဟောင်းရပ်ကွက် ၊ လေယာဉ်ကွင်း ရပ်ကွက်တွေမှာ မြို့ပေါ်တိုက်ပွဲတွေ ပြင်းထန်နေတာ ၅ ရက်ခန့်ကြာပြီဖြစ်ပါတယ်။
အမ်းမြို့တစ်ခုလုံးကို ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ပြီးနောက်မှာ စစ်ကောင်စီဟာ ဒေသတွင်းက ကျေးရွာတွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ ၊ ဒေသခံတွေကို အခု လို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။
အဉ္ဇနလီညှင်း (လေးဝတီ FM)
Discover the thrill of real-money live casino action at live casino welcome offer, where you can enjoy live dealers, top software providers, and exclusive promotions.
Maxispin-au.com also emphasizes responsible usage and fair play across its services.