ရခိုင်ပြည်- တောင်ကုတ်မြို့မှာအခြေစိုက်တဲ့ စကခ (၅) တပ်မ လက်အောက်က ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တို့ ဟာ အလံဖြူထောင်လက်နက်ချခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။
တောင်ကုတ် စကခ (၅) လက်အောက်က ခြေမြန်တပ်ရင်း ခမရ (၃၄၆) နဲ့ ခမရ (၅၄၄) တို့က အင်အားအများအပြားဟာ လက်နက်ချ အလံဖြူထောင်ပြီးနောက် တောင်ကုတ်မြို့ တစ်ခုလုံး ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၂၅ ရက်မှာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
“၃၄၆ နဲ့ ၅၄၄ ကို AA က ဝင်စီးတဲ့အချိန်မှာ သူတို့က စကခ(၅) ထဲကို ထွက်ပြေးကြတယ်။ အဲ့ဒီ စကခ(၅) တပ်မထဲမှာ တစ်ပတ်လောက်ဖြစ်ပြီး ၂၅ ရက်နေ့မှာတော့ တပ်ရင်း နှစ်ရင်း က ပူးပေါင်းထားတဲ့ အဖွဲ့တွေအလံဖြူထောင်လိုက်တယ်” လို့ စစ်ရေးသတင်းရင်းမြစ် က လေးဝတီ FM ကို ပြောပါတယ်။
သံတွဲ-တောင်ကုတ်မြို့အခြေစိုက်တဲ့ စကခ (၅) လက်အောက်မှာ ခြေမြန်တပ်ရင်း နှစ်ရင်းနဲ့ ကွက်ကဲနေတာဖြစ်ပြီး စကခ(၅)မှ တပ်မမှုး ဗိုလ်မှူးချုပ် ကောင်းမြတ်နဲ့ တပ်ရင်းမှူး ကျော်ထက် တို့က ဦးဆောင်ကွက်ကဲတာဖြစ်ပါတယ်။
“တပ်ရင်းနှစ်ရင်းနဲ့ မြို့ကိုသိမ်းလိုက်ပြီး ၊ တပ်မ ထဲ မှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်”လို့ စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။
စစ်ကောင်စီဟာ အဲ့ဒီ တပ်တွင်းသတင်းကြောင့် နိုဝင်ဘာ ၂၄ ၊ ၂၅ နှစ်ရက်လုံးမှာ တောင်ကုတ် တစ်မြို့လုံးကို လေကြောင်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး ရပ်ကွက်အများစု မီးလောင်ပျက်စီးခဲ့ပါတယ်။
တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်၊ ညဈေးရပ်ကွက်၊ အင်းခုန်တောင်ရပ်ကွက်၊ သိမ်တောင် ရပ်ကွက်တွေဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရစရာမရှိအောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် က ပြောပါတယ်။
အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။