မောင်တော၊ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက် မွန်းတည့် (၁၂) နာရီမှာ အခေါက်ရွှေတုံးတွေ ၊ ငွေသားတွေ နဲ့ အတူ သေဆုံးလျှက် ဖမ်းဆီးမိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အသေဖမ်းဆီးရမိသူ စစ်ကောင်စီတပ်မမှူးဟာ ၊ စကခ-၁၅ ဗိုလ်မှူးချုပ်သူရိန်ထွန်း နဲ့ အဖွဲ့ခွဲထွက်ပြေးခဲ့ပြီး သူရိန်ထွန်းနဲ့ အဖွဲ့ကိုတော့ အရှင်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးအောင်နေမျိုးဟာ အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နဲ့ အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန်တဲ ထဲမှာ သွေးထွက်လွန်ပြီးသေဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
အဲ့ဒီတပ်မ မှုးဟာ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ မွတ်ဆလင်တွေ ရဲ့ အကူအညီနဲ့ ဘဂ်လားဒေ့ရှ် ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်
အာရက္ခတပ်တော်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ဒီရေတော ထဲမှာ ပိတ်ပိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့်အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။” လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
မောင်တော နခခ(၅) ကို ဒီဇင်ဘာ (၈) နေ့မှာ အပြီးသတ်ထိမ်းချုပ်ခဲ့တာဖြစ်ပြီး နတ်မြစ်ကြောင်းတစ်လျှောက်မှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်က လိုက်လံဖမ်းဆီးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Lemon (လေးဝတီ FM)