Laywaddy FM

စစ်တွေမှာ ALP တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို လွတ်မြောက်နယ်မြေပို့ပေးမယ်ဆိုပြီး ငွေလိမ် ၊ စစ်ကောင်စီလက်ထဲ ထိုးအပ်

စစ်တွေမှာ ALP တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို လွတ်မြောက်နယ်မြေပို့ပေးမယ်ဆိုပြီး ငွေလိမ် ၊ စစ်ကောင်စီလက်ထဲ ထိုးအပ်

ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ပြင်နေရာ အချို့မှာ တိုက်ပွဲတွေဖြစ်လာတဲ့ အတွက် ဘေးလွတ်ရာတိမ်ရှောင်ဖို့ စီစဉ်လာကြတဲ့ဒေသခံ စစ်ရှောင်တွေကို လွတ်မြောက်နယ်မြေတွေ ဆီကို ပို့ဆောင်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်တွေမြို့ထဲမှာ ပိတ်မိနေတဲ့သူတွေအထဲက စစ်ဘေးရှောင်လိုသူ ဒေသခံတချို့ကို ALP အဖွဲ့ဝင်တွေက လွတ်မြောက်နယ်မြေတွေဆီ
ပို့ပေးဖို့ လူတစ်ဦးကို ငွေကျပ် ၁၅သိန်းအထိတောင်းယူထားပေမယ့် လမ်းတစ်ဝက်မှာ စစ်ကောင်စီလက်ထဲကို ထည့်လိုက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေတယ် လို့ သတင်းရရှိပါတယ်။

” အဓိက ALPကလူတွေ လုပ်နေတာ ၊ သူတို့က ဘယ်လိုလုပ်ထားလဲဆိုတော့ စစ်သားတွေကို ငါတို့ဒီနေ့ ဘယ်နေရာကိုသွားဖို့ရှိတယ်။ ဒေသခံလူဘယ်လောက်ပါတယ်ဆိုပြီး စစ်ကောင်စီနဲ့အရင်တိုင်ပင်ထားတယ် ။ ပြီးမှ ဂွင်ဆင်ပြီး ဖမ်းတာ။ ဒီတော့ပိုက်ဆံကိုစစ်ကောင်စီကသိမ်းလိုက်တဲ့ပုံစံနဲ့လိမ်စားနေတာ ” လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တွေ ဒေသခံ တွေကို ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးဘက်ကို ရေလမ်းကြောင်းအတိုင်းစက်လှေ နဲ့ပို့ပေးမယ်ဆိုပြီး ALPနဲ့ပူးပေါင်းတဲ့သူတွေက အခုလို စည်းရုံးခေါ်ဆောင်တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

” ရေလမ်းကိုအဓိကထားပြီးပို့နေတာ။ စစ်ကောင်စီကိုကြောက်စရာမလိုဘူး။ ဘာမှမဖြစ်ဘူးဆိုပြီးစည်းရုံးပြီးပိုက် ဆံတောင်းပြီးရင် စစ်ကောင်စီကို လမ်းက စောင့်ပြီး ဖမ်းခိုင်းတယ် ။ပြီးရင်တစ်ယောက်တစ်ဝက်ဝေစားမျှစားနေတာ” လို့ ပြောပါတယ်။

ALP ပါတီက တပ်သားတွေဟာ ရခိုင်လူမျိုးတွေ ဖြစ်တဲ့ အတွက် ဒေသခံတွေကို စည်းရုံးရတာ လွယ်ကူနေတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

စစ်တွေမြို့ မှာ စစ်ကောင်စီနဲ့ ပူးပေါင်း လှုပ်ရှားနေတဲ့ ALP ပါတီဟာ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီး လက်နက်၊ယူနီဖောင်း ၊ ရိက္ခာ ၊ လစာ တွေကို စစ်ကောင်စီဆီ က ရရှိထားတဲ့ လက်နက်ကိုင် အင်အားစုဖြစ်ပါတယ်။

စစ်တွေမှာ ALP အပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်၊ စစ်သားနဲ့ရဲတွေဟာ မြို့တွင်းလုံခြုံရေး အဓိကတိုးမြှင့်ထားပြီး ဒေသခံတွေကို မြို့ပြင်ကိုသွားလာခွင့်ပိတ်ပင်ထားတာပါ။

စစ်တွေ‌မြို့တွင်းကဒေသ‌ခံတွေဟာ လည်း လက်နက်အပြန်အလှန်ပစ်ခတ်သံတွေကြောင့် စိုးရိမ်မှုမြင့်တက်ကာ အခက်ခဲရောက်နေကြရတယ်လို့ ဆိုပါတယ်။

အဉ္စနလီညှင်း ၊ လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *