ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ရေတပ်စခန်းရှေ့ကာကင်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်ရဲ့ ရှေ့ကာကင်းရှိရာ စည်မော်ကျေးရွာကို အာရက္ခတပ်တော် AA ဘက်က
ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး စည်မော် ကာကင်းကနေ စစ်ကောင်စီတပ်သား ဆယ်ဦးခန့် လက်ရဖမ်းဆီးခဲ့တယ် လို့ သတင်းရရှိပါတယ်။
“စစ်ကောင်စီတွေဘက်က အကျအဆုံးများတယ်၊ AA ဘက်က စစ်ကောင်စီ တချို့ကို လက်ရဖမ်းမိထားတယ်လို့ သိရတယ် ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကျောက်ဖြူမြို့ ရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက ရေတပ်သဘေ်ာအများအပြားကို အသုံးပြုထားပြီး ၊ ရေတပ်သဘေ်ာ ၁၅ စီးထက်မနည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်အနီးဝန်းကျင်က တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။
“စည်မော်မှာ လက်နက်ငယ်တွေနဲ့ အနီးကပ်တိုက်ပွဲဖြစ်နေတာပါ၊ ရေတပ်ရှေ့က ကာကင်းကို AA ဘက်က စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်၊ (၃၂) ရဲတပ်ရင်း ၊ စည်မော်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် အရပ်သားသေဆုံးမှုတွေလည်း ဖြစ်နေပါတယ်။
အဉ္စနလီညှင်း
လေးဝတီ FM