မြန်မာပြည်အရပ်ရပ်မှာ နေထိုင်တဲ့ ပြည်သူတွေအဟာ ကောင်းကင်ပေါ်က ရုတ်တရက်ကျလာနိုင်တဲ့ ဧရာမ ဗုံးသီးကြီးတွေကြောင့် ညစဉ်ညတိုင်း တုန်လှုပ်ခြောက်ခြားနေကြရပါတယ်။
လူတစ်ယောက်ဖက်စာရှိတဲ့ ဗုံးသီးကြီးတွေကို တင်ဆောင်လာ တဲ့ လေယာဉ်တွေဟာ အိပ်မောကျနေတဲ့ ကလေးငယ်တွေ ရဲ့ ခေါင်းပေါ်မှာ အမြဲဝဲပျံနေတတ်ပါတယ်။
မြန်မာပြည်အရပ်ရပ်က ကျေးလက် မြို့ပြတွေကို ခြိမ်းခြောက်နေတဲ့ မရဏလက်နက်ပဲ ဆိုပါတော့။
ရခိုင်ပြည်မှာဆိုရင် ဒီမရဏ လက်နက် ပေါင် ၅၀၀ ဗုံးကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဟာ၂၀၂၅ ဒီဇင်ဘာတစ်လထဲမှာတင် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲ စတဲ့ မြို့တွေမှာ ဗုံးကြဲချိန်တွေက ည ၇ နာရီက ၉ နာရီကြား ဖြစ်ပြီး ဒီအချိန်ဟာ အများသူဟာ အပန်းဖြေ နားနေချိန်ဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ မြို့တွေဟာစစ်ကော်မရှင်ဘက်က လက်လွှတ်ထားရတာ တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့
ULA/AA က သိမ်းပိုက်ထားတဲ့ အရပ်သားမြို့တွေ ဖြစ်ပါတယ်။
စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ အိမ်လေးတွေကို ပြန်တည်ဆောက်၊ အသက်ရှင်ကျန်ရစ်သူတွေ အချင်းချင်း အပြန်အလှန်ဖေးမပြီး ပြာပုံထဲက ကုန်းထနေရသူတွေဟာ ဒီငရဲကို ညစဉ် ညတိုင်းခံစားနေရပါတယ်။
စစ်ကော်မရှင်ရဲ့ ရည်ရွယ်ချက်ဟာ စစ်ရေးအနိုင်ရဖို့ထက် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေမှာ
ကြောက်စိတ် နဲ့ မလုံခြုံမှုလူထုအတွင်း ပျံ့နှံ့စေဖို့ ရည်ရွယ်ချက်ဖြစ်လာပါတယ်။
စစ်ကောင်စီလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အခါ အများဆုံး အသုံးပြုလာတာကတော့
ဖျက်အားအလွန်ပြင်းတဲ့ “ပေါင် ၅၀၀ ဗုံး” တွေပါပဲ။
ပေါင် ၅၀၀ ဗုံးတစ်လုံးဟာ အဆောက်အအုံတစ်ခုကို တိုက်ရိုက် ထိမှန်ခဲ့ရင် အဲ့ဒီအဆောက်အအုံကို တစ်စစီ ပြိုကွဲပျက်စီးစေနိုင်သလို အတွင်းမှာရှိတဲ့ လူတွေကိုပါ အစိတ်အပိုင်းအစအဖြစ် ပြိုကွဲသွားစေနိုင်တဲ့အထိ ဖျက်အားပြင်းထန် ပါတယ်။
မြေပြင်ကို ထိမှန်ခဲ့တဲ့အခါမှာလည်း ရေတွင်းတစ်တွင်းစာလောက် ကျယ်ပြီး အနည်းဆုံး ၁၀ ပေလောက် နက်တဲ့ ကျင်းကြီးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အလေးချိန် ပေါင် ၅၀၀၊ ကီလိုဂရမ်အားဖြင့် ၂၂၇ ကီလိုဂရမ်ခန့်ရှိပြီးလေးတဲ့ လူနှစ် သုံးလေးယောက်လောက် သယ်ယူရတဲ့ ဧရာမ ဗုံးသီးကြီးတွေ ဆိုပါတော့။
အဲ့ဒီဗုံးသီးကြီးတွေကို တိုက်လေယာဉ်ရဲ့ တောင်ပံမှာ တွဲခိုသယ်ဆောင်လာပြီး ပစ်မှတ်ရှိရာကို ပစ်လွှတ်ပါတယ်။
ပစ်မှတ်တွေကိုတော့ လေယာဉ်ရဲ့ ကွန်ပြူတာစနစ် ၊ ပစ်မှတ်နေရာ ၊၊ GPS လမ်းညွှန်ချက် စတဲ့ စနစ်တွေကို အသုံးပြုပြီး ကွန်ပြူတာ စနစ်နဲ့ ပစ်ခတ်ရပါတယ်။
ပစ်ချင်တဲ့ ပစ်မှတ်နေရာသတ်မှတ်ချက် ပစ်မှတ်တည်နေရာ (coordinates) ၊ GPS မြေပုံ ၊ စတဲ့ ကြိုတင်ရရှိထားတဲ့ အချက်အလက်တွေကို လေယာဉ်ရဲ့ ကွန်ပြူတာ စနစ်ထဲကို တိုက်ခိုက်မှုမတိုင်ခင် ကြိုတင်ထည့်သွင်းတားရပါတယ်။
ဆိုလိုတာက ဆေးရုံကိုထိတယ် ဆိုရင် ၊ ဆေးရုံကို ပစ်ဖို့ ဦးတည်ထားပြီးသားဖြစ်တယ် ဆိုတဲ့ သဘောပါ ။
စစ်ကော်မရှင်ဟာ ဒီလိုခေတ်မှီလက်နက်တွေကို မြန်မာပြည်အနှံ့မှာ နေ့စဉ်နဲ့ အမျှ တိုက်ခိုက်ဖို့ ဘယ်လို ရရှိနေပါသလဲ။
ဘာကြောင့် ဒီဗုံးအမျိုးအစားကို အဓိက အသုံးပြုနေလဲဆိုရင် စစ်ကောင်စီဘက်မှာ ဒီလို လက်နက်တွေကို
အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ရှိလာတာကြောင့် ဖြစ်ပါတယ်။
အကြောင်းအရင်းက တော့ စစ်ကော်မရှင်ရဲ့ လက်နက်စက်ရုံတွေကနေ စိတ်ကြိုက်ထုတ်နေနိုင်လို့ပဲ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်မှာ လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံပေါင်းဟာ ကပစ (၁) ကနေစပြီး
ကပစ (၂၅)အထိ အမှတ်စဉ်အလိုက်ရှိပါတယ်။
ဒီဆောင်းပါး မှာတော့ လေယာဉ်ပစ် လက်နှက် ထုတ်တဲ့ ကပစ ၂၁ အကြောင်းပဲ ဆွေးနွေးသွားမှာဖြစ်ပါတယ်၊
ပေါင် ၅၀၀ ၊ ပေါင် ၁၀၀၀ အပါအဝင် ပဒေသာဗုံးတွေကို မကွေးတိုင်းထဲက လက်နက်စက်ရုံ ဖြစ်တဲ့ ကပစ ၂၁ စက်ရုံတွေ မှာ ထုတ်လုပ်နိုင်ဖို့ တရုတ်က ကောင်းကောင်းအကူအညီပေးနေတယ်လို့ (SAC-M) Special Advisory Council for Myanmar က ၂၀၂၅ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရပိုင်တဲ့ China South ကုမ္ပဏီက အောက်မှာရှိတဲ့ လက်နက်လုပ်ငန်း Hunan Vanguard က လက်နက်ပညာရှင်တွေ ဟာ ကပစ စက်ရုံတွေကို ကိုယ်တိုင်လာရောက်ကူညီခဲ့တယ်လို့ သူက ထောက်ပြထားပါတယ်။
ဒါအပြင် ၂၀၁၅ -၂၀၁၉ ကာလအတွင်းမှာ စစ်ကော်မရှင်ဘက်ကလည်း အထူးရွေးချယ်ထားသူတွေကို Hunan Vanguard ကို စေလွှတ်ခဲ့ပြီး နည်းပညာတွေကို သင်ကြားစေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း ဆိပ်ဖြူမြို့ နယ်ထဲက ပေါက်ခုံကျေးရွာ နဲ့ ငှက်ပြာကြီး ကျေးရွာအနီးမှာ ရှိပြီး ၊ အဲ့ဒီ ကပစ ၂၁ စက်ရုံဧရိယာထဲမှာ လေယာဉ်ပစ် လက်နက် ၊ ဗုံးသီးထုတ်လုပ်တဲ့ စက်ရုံခွဲ နှစ်ဆယ်ကျော် ရှိပါတယ်။
ဒီစက်ရုံတွေကနေ အတိုင်းအဆမရှိ ၊ လူသတ်လက်နက်တွေ ထုတ်လုပ်နေနိုင်တာကြောင့်ပဲ စစ်ကော်မရှင် ဟာ
လေကြောင်းတိုက်ခိုက်မှုတွေကို အရင်နှစ်တွေထက် ပြုလုပ်လာနိုင်တာဖြစ်ပါတယ်။
လူသတ်လက်နက်တွေ နဲ့ တည်ငြိမ်မှုရှိအောင်ကြိုးပမ်းနေတဲ့ လူမှုဘဝတွေ ကို ခြိမ်းခြောက်မှုဟာ အစိုးရ တရပ်ရဲ့ လုပ်ရပ်လို့လို့ မဆိုသင့်ပေဘူး။
ပြည်သူလူထုကို ပစ်မှတ်ထားနေတဲ့ လူသတ်ဝါဒ နဲ့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကိုလည်း ပြန်မရနိုင်သလို၊ ငြိမ်းချမ်းရေးဆိုတာလည်း ဝေးလာဝေးလို့ ပြောရမှာပါ။
ပြည်သူတွေ လိုအပ်နေတာ က ပေါင် ၅၀၀ ဗုံးတွေမဟုတ်ပါဘူး။ လုံခြုံငြိမ်းချမ်းတဲ့ ဝန်းကျင်ဖြစ်ပါတယ်။
ပြည်သူ ဟာ စစ်ဒဏ်သင့်ခဲ့တာကြာပါပြီ။ နှစ်ဖက်သော စစ်ရေးအဖွဲ့အစည်းတွေဟာ စစ်စည်းကမ်းများကို လိုက်နာပြီး အရပ်သား ပစ်မှတ်တွေကို မနစ်နာအောင် ဂရုစိုက်မှသာ စစ်ပွဲတွင်းက ပြည်သူတွေ ဟာ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။
အခု လေယာဉ်နဲ့ ပစ်နေတဲ့ တိုက်ခိုက်မှုဟာ စစ်ပွဲတစ်ခု အသွင်မဟုတ်ဘဲ ပြည်သူကို သတ်တဲ့ ပွဲစဉ်တွေဖြစ်လာပါတယ်။
ပေါင် ၅၀၀ ဗုံးတွေကြောင့်သေဆုံးသွားရတဲ့ မြောက်ဦးဆေးရုံက လသား အရွယ်ကလေးဟာလည်း သူ့မိခင်ရဲ့ နို့ချိုသောက်သုံးပြီး အေးချမ်းစွာအိပ်စက်သင့်ပါတယ်။
ဗုံးဒဏ်သင့်တဲ့ အဆောက်အအုံအောက်မှာ တစ်ယောက်တည်း တစ်ညလုံးအသက်ရှင်အောင် နေထိုင်ခဲ့ရတဲ့ ငပလီက သုံးနှစ်အရွယ်ကလေးမလေးဟာ လည်း မိစုံဖစုံနဲ့ အတူတူ TV ကြည့်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်။
ငြိမ်းချမ်းစေ | လေးဝတီ FM
With everything that seems to be building within this particular area, all your points of view happen to be somewhat radical. Nevertheless, I appologize, but I can not subscribe to your whole theory, all be it refreshing none the less. It would seem to us that your opinions are actually not totally validated and in actuality you are generally yourself not even completely confident of the point. In any event I did take pleasure in reading through it.