ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ ငှက်ပျောတော နှင့် အနောက်ပါးရပ်ကွက်မှ
အိမ်ခြေ ၄၀၀ ခန့်ကို စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း
သိရပါတယ်။
\”ဘာကြောင့် ဆိုတာတော့ ပြောမသွားဘူး။ လာမယ့် ၂၅ ရက်နေ့ နောက်ဆုံးထား
ပြောင်းပေးရမယ်ပဲ ပြောသွားတယ်\” လို့ သစ်ပုံကျေးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည်
ယနေ့ ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းတွင် သစ်ပုံကျေးရွာသို့ လာရောက်ကာ
အတင်းရွှေ့ပြောင်းခိုင်းခြင်း ဖြစ်ပါတယ်။
သစ်ပုံကျေးရွာသည် ကျေးရွာအုပ်စုဖြစ်ပြီး ငှက်ပျောတော၊ ကွမ်းသီးတော၊ ပလင်တော နှင့်
အနောက်ပါး စသည့် ရပ်ကွက် ၄ ခုရှိပြီး အိမ်ခြေ ၈၀၀ ကျော်ရှိကာ အဆိုပါထဲမှ ရပ်ကွက်နှစ်ခုက
အိမ်ခြေများကို ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်ပါတယ်။
အဆိုပါရပ်ကွက်နှစ်ခုမှ အိမ်ခြေ ၄၀၀ ခန့်ကို သစ်ပုံကျေးရွာရဲ့ မြောက်ဘက် ၁၀
မိုင်ခန့်အကွာတွင် တည်ရှိတဲ့ ပန်းခြံရွာနှင့် ဖက်ယားရွာသို့ ပြောင်းပေးရမည်ဟု စစ်ကောင်စီက
ပြောဆိုခဲ့ကြောင်း သိရပါတယ်။
သစ်ပုံကျေးရွာရှိ ရာနှင့်ချီသော လူငယ်များကို စစ်မှုထမ်းရန် စာရင်းတောင်းနေပြီး
စစ်မှုမထမ်းပါက မိသားစုဝင်များအား ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမယ်လို့
စစ်ကောင်စီတပ်သားများက ခြိမ်းခြောက်နေကြောင်းလည်း သိရပါတယ်။