လေး၀တီFM
(၂၄ ၊ဩဂုတ် ၊ ၂၀၂၄ )
ရခိုင်ပြည်နယ်တွင်းမှာ ပြင်းပြင်းထန်ထန်စစ်ပွဲတွေ ဖြစ်ပွားနေလို့ ဧရာ၀တီတိုင်းဘက်ကို တိမ်းရှောင်ကြပြီး စားဝတ်နေရေးအတွက် အရောင်းအဝယ်လုပ်နေသူ ဂျိတ္တောရွာသား နှစ်ဉီးကို ဟိုင်းကြီးကျွန်း စစ်တပ် က ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။
“ဒီဘက်မှာ စစ်ရှောင်နေရင်း ဟိုင်းကြီးကျွန်းမှာ ငါးခြောက်လေးဘာလေးရမလားသွားဝယ်တာမှာ ဖမ်းလိုက်တာပါ။ စစ်တပ်ထဲကို ခေါ်သွားတယ် ရေတောင် တိုက်လို့မရ ဘယ်ခေါ်လို့ခေါ်သွားမှန်းလည်းမသိဘူး ” လို့ ဖမ်းဆီးခံသူ ရဲ့မိသားစုဝင်က ပြောပါတယ်။
ဩဂုတ်လ ၂၃ ရက်ညပိုင်းက သံတွဲမြို့နယ် ဂျိတ္တောကျေးရွာက စစ်ဘေးရှောင် ဖြစ်တဲ့ အသက်နှစ်ဆယ် အရွယ် လူငယ်တစ်ဉီးနဲ့ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ ကို ဧရာ၀တီတိုင်း ဟိုင်းကြီးကျွန်းအဝင် စစ်ဆေးရေး ဂိတ်ကနေ ဖမ်းဆီးထားလိုက်တာဖြစ်ပါတယ်။
ဧရာဝတီတိုင်း ကို အာရက္ခတပ်တော် AA ဘက််ကထိုးစစ်ဆင်မယ့် စိိုးရိမ်ချက်တွေကြောင့် စစ်ကောင်စီဟာ ရခိုင်ပြည်ဘက်က ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ဧရာဝတီတိုင်းထဲ မဝင်ရဘဲ ဂိတ်မှာ ဖမ်းဆီးတာ ၊ ငွေညှစ်တာတွေကို လုပ်နေတယ် လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ဒီဘက်ထဲမှာ ဒေသခံတွေကိုလည်း မဝင်မနေရ စစ်သင်တန်းတက်ခိုင်းတယ်။ လူငယ်တွေ သွားရလာရတာ အဆင်မပြေဘူး အစစ်အဆေးများတယ်” လို့ ဧရာဝတီတိုင်းဒေသခံ စိုက်ပျိုးရေးသမားတစ်ဉီးကပြောပါတယ်။
ဧရာဝတီတိုင်း အထိုင်ချတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်ကနေ စစ်အင်အားတွေကို ဂွမြို့ကို ပို့လွှတ်နေပြီး ရေကြောင်းလုံခြုံရေးကိုလည်း
အင်းအားဖြည့်ထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ဂွမြို့နယ် အကြားက ကျေးရွာတွေ နဲ့ စစ်ဆေးရေး ဂိတ်တွေဖြစ်တဲ့ ငသိုင်းချောင်း၊ ရေကြည် ၊ အသုတ် ၊ ကျုံပျော် ၊သာပေါင်း ၊ ငွေဆောင် စတဲ့ နေရာတော်တော်များများ မှာ ၁၁/ မှတ်ပုံတင်နဲ့ ဖြတ်သန်းသွားလာသူတွေကို ဖမ်းဆီး ငွေညှစ်နေတာဖြစ်ပါတယ်။