Laywaddy FM

ဂွမြို့ ခမရ (၅၆၃) တပ်ကို စစ်ကောင်စီ အင်အား ၄၀၀ ပို့ဆောင်(ကိုင်းတောကွင်း ကျေးရွာ အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ )

ဂွမြို့ ခမရ (၅၆၃) တပ်ကို စစ်ကောင်စီ အင်အား ၄၀၀ ပို့ဆောင်(ကိုင်းတောကွင်း ကျေးရွာ အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ )

မကြာခင်မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာဖွယ်ရှိတဲ့ ဂွမြို့က ခမရ (၅၆၃) တပ်ကို စစ်အင်အား ၄၀၀ ကျော်ဖြည့်တင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

တစ်ဖက်မှာလည်း အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ဂွမြို့ကို တဖြည်းဖြည်းချဉ်းကပ်လာပြီး ဂွမြို့နယ် ကိုင်းတောကွင်း ကျေးရွာမှာ ဒီကနေ့မနက် တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီဟာ ဂွမြို့ပေါ်က ခမရ (၅၆၃) တပ်ကို စစ်သည်အင်အား ၄၀၀ ၊ တင့်ကား ၆ စီး ပို့ဆောင်ထားပြီး ဂွမြို့ ပတ်လည် က အဆောက်အအုံကြီးကြီးတွေနဲ့ ဘုရားကုန်းတွေမှာ အင်အားတွေ ဖြည့်တင်း လိုက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် မြို့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းတွေ ထိုးနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

“မနက်၉ နာရီခန့်လောက်မှာ စစ်ကောင်စီစစ်ကြောင်းကတက်လာတယ်။ ကိုင်းတောကွင်း ရွာနားကို AAကလမ်းကနေဖြတ်တိုက်တယ်။ တိုက်ပွဲကတော်တော်ပြင်းနေတယ်။ပင်လယ်ပြင်က နေဗီကလည်းအဆက်မပြတ်ပစ်ကူပေးနေတယ်”လို့ သူက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီ ဂွမြို့အနီး ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေဗီတပ်ကလည်း လက်နက်ကြီးနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို ပစ်ခတ်နေတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲမှာ လည်းတပ်တွေ အပြည့်နေရာယူထားတယ်၊ ရွာတွေ ဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်” လို့ ဂွမြို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောမှာ အာရက္ခတပ်တော်ဘက်က ဂွမြို့ကို ထိုးစစ်ဆင်ရာ လမ်းပိုင်းတလျှောက်က ကျေးရွာတွေကို တဆင့်ချင်း သိမ်းပိုက်လာပြီး အခု ဆိုရင် ဂွမြို့နဲ့ လေးမိုင်ဝန်းကျင်ရွာတွေ အထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၈၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းတစ်ခု ဟာ ကိုင်းတောကွင်း ကျေးရွာနားကို ရောက်ရှိလာပြီး အာရက္ခတပ်တော်နဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်နေပါတယ်။

အဉ္စန လီညှင်း(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *