ရခိုင်ပြည်တွင်း ယခုဖြစ်ပွားနေသော စစ်ပွဲများသည် သဘာဝသယံဇာတဆိုင်ရာ ရပိုင်ခွင့်များတစ်ခု တည်းသက်သက်ကြောင့် မဟုတ်သော်လည်း သဘာဝသယံဇာတကဏ္ဍသည် အဓိကအကြောင်းအရာများထဲမှ တစ်ခုဖြစ်သောကြောင့် စစ်ပွဲများချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုတွင် ရခိုင့်သယံဇာတများကို မည်သို့ စီမံခန့်ခွဲကြမည်ဆိုခြင်းသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။
ရခိုင့်သဘာဝသယံဇာတဆိုင်ရာ ဆွေးနွေးပွဲများကို ပြုလုပ်ကြရာ၌
(က) ဆွေးနွေးပွဲအတွက် အခြေခံ လိုအပ်ချက်များ
(ခ) အဓိကအခြေပြုဆွေးနွေးရမည့် သယံဇာတဆိုင်ရာ အကြောင်းအရာများ
(ဂ) စီမံကိန်း များဆိုင်ရာ ခွဲဝေမှုများ
စသည့်ကဏ္ဍများတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှု၊ အဓိကကျသော အကြောင်း အရာကို ဦိးတည်နိုင်မှု၊
မျှတသောအဖြေများထွက်ရှိနိုင်ရန် သယံဇာတဆိုင်ရာ လုံလောက်သော အခြေခံ ဗဟုသု တများ ပြည့်စုံမှုနှင့် တရားဝင်ဖြစ်မှု စသည်တို့သည် ဆွေးနွေးပွဲကို အောင်မြင်စေရန်အတွက် ကြီးမားသော အထောက်အကူကို ဖြစ်စေမည်ဖြစ်သည်။
ဆူဒန်နိုင်ငံတွင် ပြည်တွင်းပဋိပက္ခများကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် ကြသောအခါ သဘာဝသယံဇာတ ခွဲဝေရေးဆိုင်ရာ ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၏ နောက်မှ ပြုလုပ်ခဲ့ကြသည်။
အကြောင်းမှာ သဘာဝသယံဇာတခွဲဝေရေးကို ဦးစွာဆွေးနွေးပါက သဘောတူညီချက် မရနိုင်လျှင် ငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေးကိုပါ ပျက်ပြားသွားမည်ကို စိုးသောကြောင့်ဖြစ်သည်။
သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံ၏ အာချေးပြည်နယ် အရေးအခင်းတွင်မူ ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ သဘာဝသယံဇာတခွဲဝေမှုဖြစ်သဖြင့် သဘာဝသယံဇာခွဲဝေရေးကို ဦးစွာသဘောတူညီချက် ရယူပြီးမှ အပစ်အခတ်ရပ်စဲရေးကို အတည်ပြုခဲ့ကြသည်။
သို့ဖြစ်ရကား သဘာဝသယံဇာတ ဆွေးနွေးပွဲများကို အပစ်အခတ်ရပ်စဲပြီးမှ ပြုလုပ်ကြမည်လား၊ အပစ်အခတ်ရပ်စဲရန်အတွက် ပြုလုပ်ကြမည်လားဆိုသည့် ဆွေးနွေးပွဲအချိန်အခါကို ရွေးချယ်မှုသည်လည်း အရေးကြီးသည်။
ထို့ပြင် သဘာဝသယံဇာတဆွေးနွေးပွဲများတွင် အဓိကဦးတည်ဆွေးနွေးကြမည့် အချက်များ ကို တိတိကျကျ သတ်မှတ်ပြီး သဘာဝသယံဇာတနှင့် မဆိုင်သော အခြားကဏ္ဍများကို ဆွဲသွင်းခြင်းမပြုဘဲ ကောင်းမွန်မျှတသည့် ရလဒ်တစ်ခု ထွက်ရှိအောင် ညှိနှိုင်းကြရန် လိုမည်ဖြစ်သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုသည်မှာ အခြေခံဥပဒေရေးဆွဲအတည်ပြုခြင်း၊ တိုင်းပြည်ကို ပြန် လည်ဖွဲ့စည်းခြင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်း စသည့်နောက်ဆက်တွဲ လုပ်ငန်းစဉ်များ မပါလာလျှင် ၎င်းသဘောတူညီချက်များကို တစ်ဖက်ကဖြစ်စေ၊ နှစ်ဖက်စလုံးကဖြစ်စေ မကြာခဏ ချိုးဖောက် တတ်ကြသည်။
သို့ဖြစ်၍ ဖော်ပြပါလုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ်အတွင်း သို့မဟုတ် ယင်းတို့ကို အကောင် အထည်မဖော်နိုင်မီအတွင်း ငြိမ်းချမ်းရေးသဘောတူချက်များကို အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက် ထိန်းသိမ်းကြရန် အတွက် နှစ်ဖက်စလုံးအပေါ် ဩဇာသက်ရောက်နိုင်သော၊ သို့မဟုတ် နှစ်ဖက်စလုံးက အလေး အနက်ထားရ မည့် တတိယနိုင်ငံတစ်နိုင်ငံ သို့မဟုတ် ယင်းထက်ပို၍ ဆွေးနွေးပွဲအား ဦးဆောင်ညှိနှိုင်းပေးခြင်း၊ သက်သေ အဖြစ် ပါဝင်ခြင်းများကို လိုအပ်မည်ဖြစ်သည်။
ငွေကြေးအလွှဲအပြောင်းဆိုင်ရာများ

သဘာဝသယံဇာတဆိုင်ရာ ခွဲဝေမှုများအတွက် သဘောတူမှုများ ရရှိပြီးသည့်နောက်ပိုင်းတွင် ရခိုင် ပြည်အစိုးရက ရရှိလာမည့် ငွေကြေးများအား အလွှဲအပြောင်းများ၊ သိမ်းဆည်းမှုများနှင့် သုံးစွဲမှုများအတွက် တရားဝင်ဖြစ်မှုနှင့် အာမခံချက်ရှိမှု လိုအပ်မည်ဖြစ်သည်။ ဥပမာ- ရခိုင်ပြည်အစိုးရ၏ ဗဟိုဘဏ်ဖွဲ့စည်းမှု၊ ၎င်း ဘဏ်အား အသိအမှတ်ပြုမှု၊ တရားဝင်မှုနှင့် ၎င်းဘဏ်၏ နိုင်ငံခြားဘဏ်ခွဲများကို အသိအမှတ်ပြုမှု၊ သို့မဟုတ် ၎င်းဘဏ်နှင့် အခြားသောနိုင်ငံခြားဘဏ်များ တရားဝင်ချိတ်ဆက်နိုင်မှု စသည်များကို ဆွေးနွေးပွဲတွင် အာမခံ ချက်ရရှိရန် လိုအပ်ပေသည်။
(ခ) အဓိကအခြေပြုဆွေးနွေးရမည့် သယံဇာတဆိုင်ရာ ကဏ္ဍ ၃ ခု
သဘာဝသယံဇာတဆိုင်ရာ ပဋိပက္ခများသည် အထူးသဖြင့် လူမျိုး၊ ဒေသ၊ ဘာသာနှင့် နိုင်ငံရေး အယူ အဆ ကွဲပြားမှုရှိပြီး ဗဟိုချုပ်ကိုင်မှုလွန်ကဲသော အာဏာရှင်နိုင်ငံများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော၊ ဖြစ်ပွားပြီးသော အခြေအနေများတွင် ယင်းသဘာဝ သယံ ဇာတဆိုင်ရာ အငြင်းပွားမှုများကို အဆုံးသတ်ရန် သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခကို ရပ်စဲရန် သဘာဝ သယံဇာတဆိုင်ရာခွဲဝေမှုများအတွက် အခြေခံသဘောတူချက်မူဘောင်များကို အသစ်ပြန်လည် ရေးဆွဲသတ် မှတ်ကြရန် လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝသယံဇာတများအား ပိုင်ဆိုင်မှု၊ စီမံအုပ်ချုပ်မှုနှင့် အခွန်ဘဏ္ဍာကိစ္စများအား မည်သို့ ခွဲဝေကြမည်ဆိုသည့် သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းရေးသဘောတူစာချုပ်များတွင် ထည့်သွင်းကြရမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းကြရမည် ဖြစ် သည်။
ထို့သို့ ဆွေးနွေးညှိနှိုင်းကြရာ၌ အခြေပြုရမည့် သဘာဝသယံဇာတဆိုင်ရာ အဓိက ကဏ္ဍ (၃) ခု မှာ
(၁) သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်
(၂) သဘာဝသယံဇာတ ထိန်းချုပ်စီမံခွင့်
(၃) သဘာဝသယံဇာတဝင်ငွေများအား ကောက်ခံစီမံပိုင်ခွင့် တို့ဖြစ်ကြသည်။
ရခိုင်စစ်ပွဲများမပြီးဆုံးမီတွင်ဖြစ်စေ၊ အဆုံးသတ်တွင်ဖြစ်စေ၊ အပြီးသတ်ရန်အတွက်ဖြစ်စေ နိုင်ငံရေး ဆွေးနွေးပွဲများကို ပြုလုပ်ကြရမည်ဖြစ်သည်။
၎င်းတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများနှင့်အတူ သဘာဝ သယံဇာတခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်လာရမည်ဖြစ်သည်။ သို့တည်းမဟုတ် သဘာဝ သယံဇာတ ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များကြောင့်ပင် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးလာရခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ရခိုင့်သဘာဝဓာတ်ငွေ့စီမံကိန်းများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ အခရာကျသည့် ရခိုင့်ရေ၊ မြေပေါ်တွင် ဖြစ်တည်လာနိုင်သည့် အခြားကြီးမားသောစီမံကိန်းများသည် မြန်မာနိုင်ငံ၏ အဓိကကျသော ပြည်ပဝင်ငွေများ ဖြစ်နေခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် ရခိုင့်သဘာဝသယံဇာတ ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရာတွင် သဘာဝသယံဇာတဆိုင်ရာ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲခွင့်အာဏာရပ်များအား ခွဲဝေခြင်းဆိုင်ရာ ကောင်းမွန်မျှတသည့် သဘောတူညီချက်များကို အဖြေထုတ်နိုင်ရန် ဦးတည်သင့်သည်များ၊ ရှောင်သင့်သည့်အချက်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို သုံးသပ်တင်ပြထားပါသည်။
(၁) သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်

သဘာဝသယံဇာတအရင်းအမြစ်များကို ပိုင်ဆိုင်မှုဟူသည် နယ်မြေဒေသတစ်ခုအတွင်းရှိ ရေ၊ လေ၊ နေရောင်ခြည် အပါအဝင် မြေနှင့်တကွ မြေပေါ်၊ မြေအောက်နှင့် ရေအောက်ရှိ သဘာဝသယံဇာတအားလုံးကို ပိုင်ဆိုင်ခွင့်ရှိခြင်းဖြစ်သည်။
သဘာဝသယံဇာတဆိုင်ရာ နယ်ပယ်များထဲတွင် ပိုင်ဆိုင်မှုသည် အခြေခံအကျဆုံးဖြစ်သည်။ ဖက်ဒ ရယ်နိုင်ငံများတွင် နိုင်ငံများ၏ဖွဲ့စည်းပုံ အခြေခံဥပဒေ သတ်မှတ်ချက်အလိုက် ဖက်ဒရယ်ပြည်ထောင်စု၊ ပြည် နယ်၊ ဒေသန္တရ၊ အစုအဖွဲ့၊ ဌာနေလူမျိုးစု၊ ပုဂ္ဂလိက စသည်ဖြင့် ပိုင်ဆိုင်မှုသတ်မှတ်ချက် အမျိုးမျိုးကွဲပြား ကြသည်။
ထို့ပြင် မြေပေါ်၊ မြေအောက်ခွဲခြား၍လည်းကောင်း၊ ကမ်းနီးကမ်းဝေး သတ်မှတ်၍ လည်းကောင်း ပိုင်ဆိုင်မှုများကို ပိုင်းခြားမှုများ ရှိကြသည်။ ဥပမာ – အမေရိကန်ပြည်ထောင်စုတွင် မြေပိုင်ဆိုင်မှု (၄) မျိုးရှိ သည်။ နိုင်ငံသားများနှင့် ကော်ပိုရေးရှင်းများ၊ ဖက်ဒရယ်အစိုးရ၊ ပြည်နယ်နှင့်ဒေသန္တရအစိုးရ၊ ဌာနေ အမေရိ ကန်လူမျိုးစုများနှင့် ပုဂ္ဂလိကများဖြစ်သည်။
ဖက်ဒရယ်ပိုင်ဆိုင်မှုနှင့် ပြည်နယ်ပိုင်ဆိုင်မှုများ ပိုင်းခြားသတ်မှတ်ရာတွင်လည်း ဥပမာ – အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ယူအေအီးနှင့် ဩစတြေလျတို့တွင် သက်ဆိုင်ရာ ပြည်နယ်များသည် ၎င်းတို့၏ သဘာ ဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခွင့်နှင့် အခွန်ဘဏ္ဍာများကို ကောက်ခံစီမံပိုင်ခွင့် ရရှိကြသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့များစသည့် ကြီးမားသည့်ဝင်ငွေပမာဏကို ရရှိစေသော မြေအောက်သယံ ဇာတများအပေါ် ပိုင်ဆိုင်မှုသတ်မှတ်ချက်များမှာလည်း ဖက်ဒရယ်နိုင်ငံများတွင်ပင် နိုင်ငံကိုလိုက်၍ ကွဲပြားမှု ရှိကြသည်။
ဖက်ဒရယ်နိုင်ငံများတွင် အများအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ကမ်းခြေမှ (၃) မိုင်အထိ ပြည်နယ်များက ပိုင်ဆိုင်ကြပြီး (၃) မိုင်အထက်ကို ဖက်ဒရယ်ကပိုင်ဆိုင်ကြသည်။ သို့သော်ခြွင်းချက်အားဖြင့် အမေရိကန်ပြည်ထောင်စုတွင် တက္ကဆတ်နှင့် ဖလော်ရီဒါအနောက်ဖက်ကမ်းတစ်လျှောက်ကို ကမ်းခြေမှ (၉) မိုင်အထိ ပြည်နယ်ကပိုင်သည်။
ကနေဒါနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ကမ်းခြေမှ (၁၂) မိုင် အထိ ပြည်နယ်ကပိုင်ပြီး (၁၂) မိုင်အထက်ကို ဖက်ဒရယ်ကပိုင်သည်။
ပါကစ္စတန်နိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို ပြည်နယ်နှင့်ဖက်ဒရယ် ပူးတွဲပိုင်ဆိုင်သော်လည်း ကမ်းလွန် (၁၂) မိုင်ကျော်မှစ၍ သဘာဝ ဓာတ်ငွေ့ကို ဖက်ဒရယ်ကပိုင်ဆိုင်သည်။ အာရပ်စော်ဘွားများနိုင်ငံ(ယူအေအီး)တွင် စော်ဘွားနယ်တစ်ခုစီ သည် ၎င်း၏ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပိုင်ဆိုင်သည်။
မြန်မာနိုင်ငံကဲ့သို့ တစ်ပြည်ထောင်နိုင်ငံနှင့် အာဏာရှင်နိုင်ငံအများစုတွင် သဘာဝသယံဇာတများကို နိုင်ငံတော်ပိုင်အဖြစ် ပြဌာန်းထားကြပြီး ကမ်းနီး၊ကမ်းဝေးအားလုံးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကိုလည်း နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်။ ဥပမာအားဖြင့် တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ပါပူးဝါနယူးဂီနီ၊ အိန္ဒိယနှင့် မြန်မာတို့သည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ သဘာဝသယံဇာတများကို ဒေသန္တရ ပိုင်ဆိုင် မှုမဟုတ်ဘဲ အရေးပါသောငွေကြေးထောက်ပံ့ရာ နိုင်ငံ့အမွေအနှစ်အဖြစ် သတ်မှတ်ထားကြသည်။
သို့ရာတွင် လူမျိုးရေး၊ ဘာသာရေးအရ ကွဲပြားမှုမရှိသော နိုင်ငံများတွင်ပင် ပထဝီဝင်အနေအထားအရ သဘာဝ သယံဇာတများကို ဒေသန္တရပိုင် သို့မဟုတ် ပြည်နယ်ပိုင်အဖြစ် တောင်းဆိုမှုများ ပေါ်ပေါက်လာသည့် အတွက် လူမျိုးရေး၊ ဘာသာရေးနှင့် ပထဝီဝင်အနေအထားကွဲပြားမှုရှိသော လူ့အဖွဲ့အစည်းများတွင်မူ သဘာဝ သယံဇာတသည် အငြင်းပွားနိုင်သော၊ ပဋိပက္ခဖြစ်ပွားနိုင်သော အဓိကအကြောင်းအရာတစ်ခု ဖြစ်လာသည်။
သို့ဖြစ်၍ အထူးသဖြင့် ကွဲပြားသောလူ့အဖွဲ့အစည်းများရှိသည့် နိုင်ငံများတွင် သဘာဝသယံဇာတ များအား ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ထုံးတမ်းစဉ်လာအရ ဒေသနေလူထုက ပိုင်ဆိုင်မှု၊ ပြည်နယ်ပိုင်ဆိုင်မှုနှင့် ဖက်ဒရယ်ပြည်ထောင်စုပိုင်ဆိုင်မှု စသည်ဖြင့် ကွဲကွဲပြားပြား ညှိနှိုင်းသတ်မှတ်ရန်လိုသည်။
သဘာဝသယံဇာတပိုင်ဆိုင်ခွင့်သည် ယင်းသယံဇာတများအား ထိန်းချုပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အခွန် ဘဏ္ဍာများကို စီမံခွင့်ရှိခြင်းတို့ကို ဆိုလိုခြင်းမဟုတ်သော်လည်း သဘာဝသယံဇာတကိစ္စတွင် အခြေခံ အကျဆုံး နှင့် စိတ်ခံစားမှုအများဆုံးဖြစ်ပွားစေသော အချက်တစ်ခုဖြစ်သဖြင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူစာချုပ် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းရှင်းလင်းလင်း ဖော်ပြရန်လိုသည်။
ယင်းကဲ့သို့ သဘာဝသယံဇာတများအပေါ် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှုရှိခြင်းသည် နိုင်ငံရေးတည်ငြိမ်မှုကို ဖြစ်စေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူများကိုလည်း ယုံကြည်စိတ်ချမှု ပိုမိုခိုင်မာစေသည်။
ထိုသို့မဟုတ်ပါက ယင်းအချက်သည် တိုင်းပြည်တွင်းနိုင်ငံရေးအန္တရာယ်၏ အဓိကရင်းမြစ်တစ်ခုဖြစ်နိုင်ပြီး ရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်မှု လျော့ကျစေနိုင်သည်။
စင်စစ်အားဖြင့် ဒေသတစ်ခုရှိ လူမျိုးများ၊ လူမျိုးစုများသည် ယင်းဒေသသည် နိုင်ငံတစ်ခုမဖြစ်လာမီ ကပင် သို့မဟုတ် နိုင်ငံတစ်ခုအတွင်းမပါဝင်မီကပင် ရှေးပဝေသဏီကတည်းက ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြ သူများဖြစ်၍ ၎င်းတို့၏ဒေသရှိ သဘာဝသယံဇာတများအား ၎င်းတို့ ပိုင်ဆိုင်ထိုက်သည်မှာ အမှန်ပင် ဖြစ်သည်။
လက်ရှိကမ္ဘာပေါ်၌ သဘာဝသယံဇာတပိုင်ဆိုင်မှုဆိုင်ရာတွင် အရှင်းဆုံးပုံစံမှာ ယူအေအီးနိုင်ငံ၏ ပိုင်ဆိုင်မှုပုံစံဖြစ်သည်။ ယူအေအီးတွင် စော်ဘွားပြည်နယ်တစ်ခုစီသည် ၎င်း၏သဘာဝသယံဇာတအားလုံးကို ပိုင်ဆိုင်သည်။ အကြောင်းမှာ ယူအေအီးနိုင်ငံဟူသည် စော်ဘွားပြည်နယ်များကို စုပေါင်း၍ ပြည်ထောင်စုဖွဲ့ စည်းထားသောကြောင့်ဖြစ်သည်။
၎င်းမူသည် အလွန်သဘာဝကျပြီး ရိုးရှင်းမှန်ကန်ကာ တရားမျှတမှု အပြည့်အဝရှိသည်။ ယူအေအီးနိုင်ငံဟူ၍ မဖွဲ့စည်းခင်ကပင် စော်ဘွားတစ်နယ်ချင်းစီသည် ၎င်းတို့နယ်ရှိ ရေ၊ မြေနှင့်တကွ သဘာဝသယံဇာတများကို ရှေးပဝေသဏီ ဘိုးဘေးစဉ်ဆက် ပိုင်ဆိုင်လာခဲ့သောကြောင့် ဖြစ် သည်။
ယခု မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံဟူ၍ မဖြစ်ပေါ်လာခင် ရှေးနှစ်ပေါင်း ထောင်နှင့်ချီ၍ကတည်း က ရခိုင်ပြည်၏ ရေ၊ မြေ နှင့် သဘာဝသယံဇာတများကို ရခိုင်ပြည်သူများက ပိုင်ဆိုင်လာခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ရခိုင့်သဘာဝသယံဇာတဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ကြသည်ဆိုလျှင် ရခိုင့်သဘာဝသယံဇာတများ ကို ရခိုင်ပြည်သူများက လုံးဝဥဿုံ ပိုင်ဆိုင်သည်ဟူသော အခြေခံမူကို လက်ကိုင်ပြုကြရမည်ဖြစ်သည်။
ယင်းအချက်သည် မှန်ကန်ပြီး တရားမျှတ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်ဖြစ်သဖြင့် ၎င်းမူကို နှစ်ဦး နှစ်ဖက်လက်ခံပြီး အခြားသော လက်တွေ့စီမံခန့်ခွဲပိုင်းဆိုင်ရာများကို ဆက်လက်ဆွေးနွေးနိုင်ကြမည်ဖြစ်သည်။
(၂) သဘာဝသယံဇာတ ထိန်းချုပ်စီမံခွင့်

နယ်မြေဒေသတစ်ခုအတွင်းရှိ သဘာဝသယံဇာတများကို ရှာဖွေမည်၊ မရှာဖွေမည်၊ တူးဖော်မည်၊ မတူးဖော်မည်၊ ရောင်းချမည်၊ မရောင်းချမည် စသည်ဖြင့် ဆုံးဖြတ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ပြီးနောက်ပိုင်း၏ လုပ်ငန်းပိုင်းဆိုင်ရာများ အဆင့်ဆင့်ကို စီမံခန့်ခွဲပိုင်ခွင့်နှင့် စီမံခန့်ခွဲရန်အတွက် လိုအပ်သော ဥပဒေများကို ရေးဆွဲပြဌာန်းပိုင်ခွင့်တို့သည် သဘာဝသယံဇာတများကို ထိန်းချုပ်စီမံခွင့်ဖြစ်သည်။
အကျယ်အားဖြင့် သဘာဝသယံဇာတ ထိန်းချုပ်စီမံခန့်ခွဲပိုင်ခွင့်ဆိုသည်မှာ စာချုပ်ချုပ်ဆိုပိုင်ခွင့်နှင့် ဆက်စပ်လုပ်ထုံးလုပ်နည်းများ၊ လိုင်စင်ထုတ်ပေးခြင်း၊ ခိုင်ကြေးနှင့် အခွန်အခများကောက်ခံခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် စည်းမျဉ်းစည်းကမ်းများ၊ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများ၊ သယ်ယူပို့ဆောင် ရေးကွန်ရက်များ၊ အလုပ်သမားဥပဒေများ၊ သွင်းကုန်ပို့ကုန်ခွင့်ပြုချက်များနှင့် အခွန်နှုန်းထားများ စသည့် သဘာဝ သယံဇာတကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနှင့် ပတ်သက်သောကိစ္စအားလုံးကို ဆိုလိုသည်။
သို့ဖြစ်၍ သဘာဝသယံဇာတများ စီမံမှုဆိုင်ရာဥပဒေများကို မည်သူက ရေးဆွဲပြဌာန်းပိုင်ခွင့် ရှိသနည်း နှင့် မည်သူက စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသနည်း ဆိုသည်မှာ ပိုင်ဆိုင်မှုထက်ပို၍ အရေးလည်းကြီးပြီး ရှုပ်လည်းရှုပ် ထွေးသည်။
ဥပမာ – ကနေဒါ၊ ယူအေအီး တို့တွင် ဥပဒေရေးဆွဲပြဌာန်းခွင့်နှင့် စီမံအုပ်ချုပ်ခွင့်တို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရက လုပ်ဆောင်သည်။ အီရတ်၊ ဆူဒန်နှင့် ရုရှားတို့တွင် ပြည်ထောင်စုနှင့် ပြည်နယ်တို့ ခွဲဝေ လုပ်ဆောင် ကြသည်။
အင်ဒိုနီးရှားတွင် အထက်လွှတ်တော်သည်သာ ဥပဒေ ရေးဆွဲခွင့်ရှိပြီး တစ်နိုင်ငံလုံးကို အင်ဒိုနီးရှားအစိုးရက စီမံခန့်ခွဲခွင့်သည်။ ခြွင်းချက်အားဖြင့် အာချေးပြည်နယ်တွင် သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုကို အင်ဒိုနီးရှားအစိုးရနှင့် အာချေးပြည်နယ်အစိုးရတို့က ပူးတွဲစီမံသည်။
ပါပူးဝါနယူးဂီနီတွင်လည်း ဥပဒေရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းကို ဗဟိုအစိုးရက ပြုလုပ်သည်။
ခြွင်းချက်မှာ ဘူဂိန်းဗီးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား လိုအပ်ချက်ရှိလာပြီး လုပ်ဆောင်နိုင်စွမ်း ရှိလာသောအချိန်တွင် သဘာဝသယံဇာတစီမံပိုင်ခွင့်များကို လွှဲပြောင်းပေးရန်ရှိသည်။ နိုင်ဂျီးရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့တွင် သဘာဝသယံဇာတဆိုင်ရာ ဥပဒေများရေးဆွဲပြဌာန်းခွင့်နှင့် စီမံခန့်ခွဲခွင့်တို့ကို ပြည်ထောင်စုက ကိုင်တွယ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇ (ခ) အရ စီမံခန့်ခွဲပိုင်ခွင့်ကို ဗဟိုအစိုးရက ရယူ ထားသည်။ ပုဒ်မ ၉၆ ကို ရည်ညွှန်းသော ဇယား (၁) ပြည်ထောင်စုဥပဒေပြုစာရင်းအရ တန်ဖိုးကြီးမားသော သဘာဝသယံဇာတဆိုင်ရာ ဥပဒေပြုပိုင်ခွင့်အားလုံးကို ပြည်ထောင်စုလွှတ်တော်က ရရှိသည်။
တစ်ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများတွင် ဖော်ပြပါအာဏာရပ်များကို ဗဟိုအစိုးရက အလုံးစုံချုပ်ကိုင်ထားပြီး ဝန်ကြီးဌာနများထူထောင်ကာ သဘာဝသယံဇာတများ အထူးသဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်နှင့် ရွှေတို့ကဲ့သို့ မြေအောက်သယံဇာတများအား စူးစမ်းရှာဖွေခြင်း၊ တူးဖော် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းများအတွက် စာချုပ်ချုပ်ဆို ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ အခွန်အခကောက်ခံခြင်း၊ အလုပ်သမားရေးရာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို လုပ်ဆောင်သည်။
ယင်းစနစ်တွင် လုပ်ပိုင်ခွင့်အာဏာ များခွဲဝေခြင်းမရှိဘဲ ဗဟိုမှဖြန့်ဝေပေးသော လုပ်ငန်းဆောင်တာများကို ပြည်နယ်နှင့် ဒေသန္တရအစိုးရအသီးသီး က အပေါ်မှအောက်သို့ အကောင်အထည်ဖော်ဆောင်ရခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ ဖက်ဒရယ်အစိုးရ/ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြားတွင် သဘာဝသယံဇာတဆိုင်ရာ ဥပဒေပြုမှု၊ ထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖြန့်ဝေပေးခြင်းမျိုးမဟုတ်ဘဲ ရှင်းလင်းပြတ်သားသော ခွဲဝေမှုမျိုးကို ငြိမ်းချမ်းရေးသဘောတူစာချုပ်များ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းနိုင်ရန် အရေးကြီး သည်။
သဘာဝသယံဇာတများအား ထိန်းချုပ်စီမံပိုင်ခွင့်သည် ပိုင်ဆိုင်မှုထက် ပို၍လက်တွေ့ကျသော ကဏ္ဍ ဖြစ်သည်။ ဥပမာ ရခိုင်ပြည်သည် ရခိုင့်သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့် ရရှိသည့်တိုင် ထိန်းချုပ်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ကို ဗဟိုအစိုးရက ရယူထားပါက ရခိုင်ပြည်သည် ၎င်း၏သဘာဝသယံဇာတများနှင့် ပတ်သက်၍ မည်သို့မှ ဝင်စွက်ခွင့် ရှိမည်မဟုတ်ပေ။
ဗဟိုအစိုးရသည် ရခိုင့်သယံဇာတများကို ဥပဒေအရ တရားဝင် စိတ်ကြိုက် ချယ်လှယ်ခွင့် ရရှိသွားမည် ဖြစ်သည်။
ဖက်ဒရယ်နိုင်ငံအများစုတွင် လက်ရှိကျင့်သုံးနေကြသော ပုံစံမျိုးဖြစ်သည့် လက်ရှိစီမံကိန်းများကိုဖြစ် စေ၊ အနာဂတ်စီမံကိန်းများကိုဖြစ်စေ ထိန်းချုပ်စီမံမှုများကို လုပ်ငန်းကဏ္ဍအလိုက် ခွဲဝေကြခြင်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ဥပမာ – ရခိုင်ပြည်အစိုးရသည် စီမံကိန်းများ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ထိန်း ချုပ်ခွင့်အာဏာနှင့် စမ်းသပ်ရှာဖွေ၊ တူးဖော်ထုတ်လုပ်ခြင်းများကို စီမံခန့်ခွဲရမည်ဖြစ်ပြီး၊ ပြည်ထောင်စုအစိုးရ က တင်ပို့ရောင်းချမှုများကို စီမံခန့်ခွဲရမည်ဖြစ်သည်။
သို့တည်းမဟုတ် အီရတ်နိုင်ငံ၏ပုံစံကိုလည်း တစ်ချို့တစ်ဝက် နမူနာယူနိုင်သည်။
ယခုလက်ရှိ ထုတ် လုပ်ရောင်းချနေသော ရခိုင့်သဘာဝသယံဇာတ စီမံကိန်းများကို ရခိုင်ပြည်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က ပူးတွဲထိန်းချုပ်စီမံရန်ဖြစ်ပြီး အနာဂတ်တွင် အကောင်အထည်ဖော်အံ့သော ရခိုင့်သဘာဝသယံဇာတ စီမံကိန်း များကို ရခိုင်ပြည်အစိုးရကသာ လုံးဝတာဝန်ယူ ထိန်းချုပ်စီမံသွားရန် ဖြစ်သည်။
သို့ရာတွင် မြန်မာပြည်သည် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရခြင်းမရှိသေးသည့်အပြင် စစ်ကောင်စီသည်လည်း ပြည်ထောင်စုအစိုးရမဟုတ်သောကြောင့် ရှေ့တွင်ဖော်ပြခဲ့သည့် ယူအေအီးနိုင်ငံ၏ပုံစံ ကဲ့သို့ ရခိုင့်သယံဇာတများကို ရခိုင်ပြည်အစိုးရက ထိန်းချုပ်စီမံခန့်ခွဲခြင်းသည် အရိုးရှင်းဆုံးနှင့် ပဋိပက္ခ မဖြစ်နိုင်ဆုံးသော နည်းလမ်းဖြစ်သည်။
(၃) သဘာဝသယံဇာတဝင်ငွေများအား ကောက်ခံစီမံပိုင်ခွင့်

ဒေသတစ်ခုအတွင်း သဘာဝသယံဇာတများမှ ရရှိလာသော အခွန်ဘဏ္ဍာများကို သတ်မှတ်ပိုင်ခွင့်၊ ကောက်ခံပိုင်ခွင့်နှင့် ရရှိလာသော ဘဏ္ဍာငွေများအား စီမံခန့်ခွဲပိုင်ခွင့်ကို ဆိုလိုသည်။
သဘာဝသယံဇာတဝင်ငွေများကို ကောက်ခံစီမံခြင်းတွင် အခွန်အမျိုးအစားများ၊ အခွန်နှုန်းထားများ၊ အခွန်ကောက်ခံမှုနည်းစနစ်၊ စာရင်းသွင်းခြင်းနှင့် ထုတ်ပြန်ခြင်း၊ အခွန်ခွဲဝေခြင်း စသည်တို့ပါဝင်သည်။ ဤကဏ္ဍသည် အရေးအကြီးဆုံး၊ အာရုံစိုက်မှုအခံရဆုံးနှင့် အငြင်းအပွားရဆုံးဖြစ်သဖြင့် ယင်းအပေါ် အာရုံစိုက် မှုများလွန်း၍ အခြေခံကျသော ပိုင်ဆိုင်မှုနှင့် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲခွင့်များကို လက်လွတ် သွားတတ်ကြသည်။
သဘာဝသယံဇာတများမှရရှိသော ဘဏ္ဍာငွေများကို ဖက်ဒရယ်အစိုးရ/ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ များအကြား မည်သည့်အစိုးရက ကောက်ခံခွင့်ရှိ၍ မည်သည့်အစိုးရက ၎င်းဘဏ္ဍာများကို စီမံပိုင်ခွင့်ရှိသည် ဆိုခြင်းသည် သဘောကွဲလွဲမှုများမှတစ်ဆင့် ပဋိပက္ခများအထိ ဖြစ်ပွားစေတတ်သော အကြောင်းရင်းဖြစ်သည်။
သဘာဝသယံဇာတ၏ဝင်ငွေများကို အဓိကမှီခိုနေရသည့် နိုင်ငံများတွင် သဘာဝသယံဇာတ အရင်း အမြစ်များအား တိုင်းပြည်တစ်ခုလုံး၏ အမျိုးသားအကျိုးစီးပွား အဖြစ်သတ်မှတ်၍ ဗဟိုအစိုးရက တာဝန်ယူ ကိုင်တွယ်စီမံကာ တစ်နိုင်ငံလုံးခြုံငုံ၍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝသယံဇာတဝင်ငွေများအား စနစ်တကျ ဖြန့်ဝေခြင်းသည် စာရွက်ပေါ်ရှိ စီမံကိန်းတစ်ခု အနေဖြင့် ယေဘုယျဆန်သော ကောင်းမွန်သည့် အစီအစဉ်ဖြစ် သည်ဟု ဆိုနိုင်သည်။
သို့ရာတွင် သဘာဝသယံဇာတဝင်ငွေများကို ဗဟိုအစိုးရက ချုပ်ကိုင်စီမံကြသည့် နိုင်ငံများကို လေ့လာ ချက်များအရ သဘာဝသယံဇာတထွက်ရှိသော ပြည်နယ်များသည် မိမိတို့ဒေသမှထုတ်ယူသွားသော သယံ ဇာတများနှင့် မကာမိအောင် မတန်တဆနည်းပါးသော ဘဏ္ဍာငွေအချိုးအစားကိုသာ ရရှိခြင်း၊ ယင်းသည် ဒေသ ဖွံ့ဖြိုးရေးကို ရေရှည်ဖြစ်ထွန်းအောင် လုံလောက်မှုမရှိခြင်း၊ ဗဟိုအစိုးရထံမှ ဖြန့်ဝေပေးသည့် ဘဏ္ဍာငွေ ခွဲတမ်း များသည် ကြန့်ကြာမှုရှိခြင်း၊ ဗဟိုအစိုးရသည် သယံဇာတထုတ်ယူမှုများနှင့် အခွန်ဘဏ္ဍာဆိုင်ရာ စာရင်းအင်း များကို ထုတ်ပြန်မှုမရှိခြင်း သို့မဟုတ် ထုတ်ပြန်သော စာရင်းအင်းများသည် မှန်ကန်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့် ထိခိုက်ပျက်စီးရသော သဘာဝပတ်ဝန်းကျင်နှင့် မိရိုးဖလာအလုပ်အကိုင်များအပေါ် ဗဟိုအစိုးရက တာဝန်ယူမှု နည်းပါးခြင်း စသည်များကြောင့် တိုင်းပြည်၏ နိုင်ငံရေးမတည်ငြိမ်မှုကို ကြီးစွာရိုက်ခတ်မှု ရှိတတ်သည်။
နိုင်ငံတကာ၏ သဘာဝသယံဇာတဝင်ငွေများ စီမံခန့်ခွဲခြင်းကို လေ့လာကြည့်မည်ဆိုလျှင် –
အင်ဒိုနီးရှားတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများကို ဗဟိုအစိုးရက ကောက်ခံပြီး ဥပဒေအရ ရေနံ နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိရာ ပြည်နယ်အား ရေနံဝင်ငွေ၏ (၁၅) ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေ၏ (၃၀) ရာခိုင်နှုန်းကို ခွဲဝေသည်။ သို့ရာတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် အာချေးပြည်နယ်မှထွက်ရှိသော ရေနံနှင့်သဘာဝ ဓာတ်ငွေ့၏ (၇၀) ရာခိုင်နှုန်းကို အာချေးပြည်နယ်အား ခွဲဝေပေးရသည်။
ဗင်နီဇွဲလားတွင် ပြည်ထောင်စုအစိုးရသည် အစိုးရဘတ်ဂျက်၏ (၁၅ – ၂၀) ရာခိုင်နှုန်းကို ပြည်နယ်များ သို့ ခွဲဝေပေးရသည်။
သို့ရာတွင် ခြွင်းချက်အားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုများထွက်သော ပြည်နယ် များအတွက် အထူးခွဲဝေပေးမှုများရှိသည်။
ဆူဒန်တွင် စုစုပေါင်းရေနံအသားတင်ဝင်ငွေ၏ (၂) ရာခိုင်နှုန်းကို ရေနံထွက်သောပြည်နယ်များအား ၎င်းပြည်နယ်၏ ထုတ်လုပ်မှုပမာဏနှင့်အညီ ခွဲဝေပေးပြီး ကျန်ရှိသော ရေနံ အသားတင်ဝင်ငွေများကို ဆူဒန်အစိုးရနှင့် တောင်ဆူဒန်အစိုးရတို့ အညီအမျှခွဲဝေရသည်။
နိုင်ဂျီးရီးယားတွင် ပါလီမန်လွှတ်တော်သည် ပြည်နယ်များအား ရေနံဝင်ငွေကိုခွဲဝေပေးသည့် ပုံသေ နည်းကို (၅)နှစ် တစ်ကြိမ် သတ်မှတ်အတည်ပြုပေးသည်။ သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူဦးရေ၊ ပြည်နယ်များ၏ တန်းတူညီမှု၊ ပြည်တွင်းဝင်ငွေရရှိမှုနှင့် မြေထုတို့ကို အခြေခံ၍တွက်ချက်မှုပြုသည်။ သို့ရာတွင် ရေနံထွက်သော ပြည်နယ်များကိုမူ ရေနံဝင်ငွေမှ အနည်းဆုံး (၁၃) ရာခိုင်နှုန်းကို ခွဲဝေပေးရသည်။
အီရတ်၏ လက်ရှိကျင့်သုံးနေသော ပေါင်းစပ်ပုံစံမှာ – လက်ရှိထုတ်လုပ်နေသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များကို စီမံခန့်ခွဲရာတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့က ပူးတွဲစီမံကြပြီး အခွန်များကို ဖက်ဒရယ်အစိုးရက ကောက်ခံသည်။ ရရှိသောဝင်ငွေများကို ပြည်နယ်များသို့ လူဦးရေပျံ့နှံ့မှုအလိုက် ခွဲဝေ ပေးသည်။ သီအိုရီအရ ပြည်နယ်များသည် ရေနံနှင့်သဘာဝဓာတ်ငွေ့များအပေါ်တွင် အခွန်ကောက်ခံနိုင်သော် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားခြင်း မရှိသေးပေ။
အနာဂတ်တွင် ရှာဖွေတူးဖော် ထုတ်လုပ်အံ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များနှင့် ပတ်သက်၍ စီမံအုပ်ချုပ်မှုနှင့် အခွန်ဘဏ္ဍာ ကောက်ခံမှုများကို ပြည်နယ်များက လုပ်ဆောင်သွားမည့် အလားအလာရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် သဘာဝသယံဇာတအပေါ် သတ်မှတ်ထားသော အခွန်အမျိုးအစားကို လိုက်၍ ဖက်ဒရယ်၊ ပြည်နယ်၊ ဒေသန္တရနှင့် မြူနီစပယ်တို့က သက်ဆိုင်ရာအခွန်များကို ကောက်ခံကြသည်။
ကနေဒါ၏ပြည်နယ်များသည် မိမိတို့ပြည်နယ်မှထွက်ရှိသော သဘာဝသယံဇာတများအပေါ် ခိုင်ကြေးနှင့် အခွန် များကို ကောက်ခံခွင့်ရှိပြီး ဖက်ဒရယ်အစိုးရက လုပ်ငန်းဝင်ငွေခွန်ကို ကောက်ခံခွင့်ရှိသည်။ ရုရှားနိုင်ငံတွင် သဘာဝသယံဇာတဆိုင်ရာ အခွန်မူဝါဒများကို ရုရှားဖက်ဒရေးရှင်းနှင့် ပြည်နယ်များက ပူးတွဲသတ်မှတ်ကြပြီး ပြည်နယ်များက အခွန်များကို ကောက်ခံသည်။
ယူအေအီးနိုင်ငံတွင် သယံဇာတအခွန်များကို ပြည်နယ်များက ကောက်ခံကြပြီး ညှိနှိုင်းထားသော အချိုးအစားတစ်ရပ်ကို ပြည်ထောင်စုသို့ ထည့်ဝင်ရသည်။
အစိုးရများသည် သဘာဝသယံဇာတဝင်ငွေများကို မည်သို့တိုးမြှင့်ရရှိအောင် လုပ်ဆောင်မည်ဆိုသည် ကို အဓိကထား၍ စဉ်းစားနေကြခြင်းထက် ယင်းဝင်ငွေများအား ကောက်ခံစီမံပိုင်ခွင့်ကို မည်သို့ခွဲဝေမည်ကို အလေးအနက်ထား ဆွေးနွေးကြရန်လိုသည်။
အကြောင်းမှာ နိုင်ငံ၏သယံဇာတကြွယ်ဝမှုကို အားလုံးတန်းတူ ပိုင်ဆိုင်သည်ဟူသော အယူ
အဆနှင့် ဒေသ၏သယံဇာတကို ဒေသခံပြည်နယ်က ပိုင်ဆိုင်သင့်သည်ဟူသည့် ခံစားချက်ကို ဟန်ချက်ညီစေရန် ဖြစ်သည်။
ယင်းသည် နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် ပဋိပက္ခများချုပ်ငြိမ်း စေရေးအတွက် အဓိကအချက်တစ်ခု ဖြစ်သည်။
နေထက်မိုးဇော် (futureroads) ရေးသည်။
လေးဝတီ FM (သုတေသန ဆောင်းပါး)