Laywaddy FM

ဆောင်းခိုငှက်တို့၏ နွေးထွေးသော ကမ်းခြေဂေဟာ

ဆောင်းခိုငှက်တို့၏ နွေးထွေးသော ကမ်းခြေဂေဟာ

မြောက်ဘက်ကမ္ဘာခြမ်း၏ အေးခဲသောဒေသများမှ မိုင်ပေါင်းထောင်ချီ၍ မမောမပန်း ပျံသန်းလာကြသော ငှက်အုပ်များအတွက် ရခိုင်ကမ်းရိုးတန်းသည် အသက်ကယ်ဆယ်ရာ နွေးထွေးသည့် ဂေဟာတစ်ခုဖြစ်သည်။ ထိုဧည့်သည်တော်များ နှစ်စဉ်ထောင်ပေါင်းများစွာ စုဝေးရာ အစာရှာဖွေ အားဖြည့်ရာ အဓိကနေရာမှာ ရွှံ့နွံလတာပြင်များနှင့် သဲသောင်ကမ်းခြေများဖြင့် သဘာဝအတိုင်း လှပနေသော နံ့သာကျွန်းပင် ဖြစ်သည်။

နံ့သာကျွန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မေယု၊ လေးမြို့ နှင့် ကုလားတန်မြစ်တို့ ပေါင်းစုံစီးဝင်ရာ မြစ်ဝကျယ်ကြီးတွင် တည်ရှိပြီး ရွှံ့နွံလတာပြင်များနှင့် သဲသောင်ကမ်းခြေများ သဟဇာတဖြစ်စွာ ပေါင်းစပ်တည်ရှိနေသည့် ထူးခြားသော ဂေဟစနစ်တစ်ခုဖြစ်သည်။

၎င်း၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုနှင့် နိုင်ငံတကာအဆင့်မီ အရေးပါမှုတို့ကြောင့် ၂၀၂၀ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ၆ ခုမြောက် နိုင်ငံတကာအဆင့်မီ ရမ်ဆာရေဝပ်ဒေသအဖြစ် တရားဝင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

အဓိက အားဖြင့် အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရေးလမ်းကြောင်း တွင် ဆောင်းခိုငှက်များအတွက် မရှိမဖြစ်အရေးပါသည့် ခရီးတစ်ထောက်နားခိုရာ နေရာ ဇီဝမျိုးစုံမျိုးကွဲများအတွက် အဓိကကျသော နေရာတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

နှစ်စဉ် နံ့သာကျွန်းသို့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၆၀ မှ ၈၀ ကြား လာရောက်လေ့ရှိသည်။ ယခင်နှစ်များတွင် ငှက်ကောင်ရေ စုစုပေါင်း ၁၀,၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း မကြာသေး မီနှစ်များအတွင်း ပြုလုပ်ခဲ့သော စာရင်းများအရ ကောင်ရေ ၄,၀၀၀ မှ ၅,၀၀၀ ကြားသာ တွေ့ရှိရ တော့သဖြင့် ဤဒေသကို ကာကွယ်ထိန်းသိမ်းရန်မှာ ယခင်ကထက် ပိုမိုအရေးကြီး လာနေပြီဖြစ် သည်။

ရေညှောင့်နှုတ်ဝိုင်းငှက် သည် မျိုးသုဉ်းရန် အလွန်အမင်းစိုးရိမ်ရသည့် အဆင့် တွင် ရှိနေပြီး နံ့သာကျွန်းသည် ကမ္ဘာ့ ရေညှောင့်နှုတ်ဝိုင်းငှက် ရေ စုစုပေါင်း၏ ၁၀% ခန့် (တစ်နှစ်လျှင် ၂၃ ကောင်မှ ၃၆ ကောင်အထိ) လာရောက်ဆောင်းခိုရာ အဓိကနေရာတစ်ခု ဖြစ်သည်။

နော်မန်ခြေစိမ်းငှက် ကလည်း မျိုးသုဉ်းရန် စိုးရိမ်ရသည့် အဆင့်ဝင် မျိုးစိတ်ဖြစ်ပြီး နှစ်စဉ် ၄ ကောင်မှ ၅ ကောင်အထိ မှတ်တမ်းတင်တွေ့ရှိရသည်။

ရေစပ်သဲသောင်ငှက်ကြီး ကလည်း မျိုးသုဉ်းရန် စိုးရိမ်ရသည့် အဆင့် တွင်ရှိပြီး အကောင်ရေ ၁၅၀ အထိ လာရောက်ကျက်စားကြောင်း တွေ့ရှိရသည်။ အခြားထင်ရှားသည့် မျိုးစိတ် ငှက်များအပြင် ထိခိုက်လွယ်သည့် ငှက်ကျား နှင့် ခရုစုပ်ငှက် တို့ကိုလည်း တွေ့ရှိရသည်။

ဆောင်းခိုငှက်များသည် လှပရုံသာမက ဒေသခံပတ်ဝန်းကျင်အတွက် များစွာအကျိုးပြုနေသည့် သဘာဝ၏ အလုပ်သမားများလည်း ဖြစ်ကြပါသည်။

အဆိုပါ ငှက်များသည် စိုက်ခင်းများနှင့် ရေဝပ်ဒေသများရှိ အင်းဆက်ပိုးမွှားများနှင့် ခရုများကို စားသုံးကြသဖြင့် ဒေသခံများ၏ စိုက်ပျိုးရေးအတွက် သဘာဝနည်းကျ ပိုးမွှားနှိမ်နင်းရေးကို အထောက်အကူပြုသည်။

ငှက်များ၏ အညစ်အကြေး သည် မြေဆီလွှာနှင့် ရေထုကို အာဟာရဓာတ်များ ဖြည့်ဆည်းပေးသည်။ နံ့သာကျွန်းတွင် ဤသို့ သဘာဝအလျောက် အာဟာရကြွယ်ဝလာခြင်းက ငှက်များကိုသာမက ဒေသခံများ မှီခိုအားထားရသော ငါး၊ ပုစွန်လုပ်ငန်းများကိုပါ အထောက်အကူပြုသည့် ဒီရေတော များကို ထိန်းသိမ်းပေးရာရောက်သည်။

ဆောင်းခိုငှက်များ အလုံးအရင်းဖြင့် လာရောက်ခြင်းသည် ထိုဒေသ၏ ပတ်ဝန်းကျင် သန့်ရှင်းမှု၊ အစာရေစာ ပေါများမှုနှင့် ဂေဟစနစ် ကျန်းမာကြံ့ခိုင်မှုတို့ကို ညွှန်ပြနေသည့် သက်ရှိအညွှန်းကိန်းတစ်ခု ဖြစ်သည်။

ရှားပါးငှက်များ လာရောက်ခြင်းကြောင့် ငှက်ကြည့်ဝါသနာရှင်များနှင့် သဘာဝလေ့လာရေး ခရီးသွားများ ကို ဆွဲဆောင်နိုင်ပြီး ဒေသခံများအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်သည်။

ကမ္ဘာတစ်ဝှမ်း၌ မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များစွာ ရှိနေခြင်းက နံ့သာကျွန်း၏ တန်ဖိုးကို ပိုမိုမြင့်တက်စေသလို ၎င်းကို မှီခိုနေထိုင်ကြသည့် အဖိုးတန်ဆုံး ဇီဝအမွေအနှစ်များထဲမှ တစ်ခုဖြစ်သော ရှားပါးငှက်များ နှင့် နံ့သာကျွန်းကို ကာကွယ်ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အရေးကြီးပါသည်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *