စစ်ကောင်စီဟာ တောင်ကုတ်-ဉသျှစ်ပင် ရိုးမလမ်းပေါ်က လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ဂိတ်စခန်းတွေကို ရိက္ခာပို့ဆောင်ဖို့ ဇန်နဝါရီလ ဒုတိယ အပတ်က စပြီး ဉသျှစ်ပင်မြို့နယ်က အိမ်စီးကားတွေ ၊ ကုန်တင်ကားတွေနဲ့ အတူ လူငယ်တွေကိုပါ ပေါ်တာဆွဲနေတယ်လို့ သတင်းရရှိပါတယ်။
ပဲခူးတိုင်း ပြည်ခရိုင် အတွင်းက ဉသျှစ်ပင် နဲ့ ပန်းတောင်းမြို့နယ် အစပ်တွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ ရဲ့ လက်နက်ကြီး လက်နက်ငယ်တွေ တင်ဆောင်ပြောင်းရွှေ့ဖို့ အခုလို ပေါ်တာဆွဲနေတာ ဖြစ်တယ်လို့ ဉသျှစ်ပင် ဒေသခံတစ်ဦးက ပြောပါတယ်။
ပန်းတောင်းမြိုနယ် မိုးထိ ၊ ကျွဲကြီး ၊ကျွဲလေး ကျေးရွာအနီးဝန်းကျင်နဲ့ မိုးထိတောင်စခန်းမှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။
မိုးထိတောင်ဟာ ရခိုင်ရိုးမ နဲ့ ပဲခူးရိုးမကြားက အမြင့်ဆုံးတောင်ထိပ်စခန်း ဖြစ်ပြီး ဗျူဟာအရ အရေးပါတဲ့နေရာလည်းဖြစ်ပါတယ်။
“ဇန်နဝါရီ ၁၃ ရက် မနက်က စဖမ်းတယ်၊ လမ်းသွားလမ်း လာလူတွေကိုအဓိကဖမ်းတယ် ၊ လှိုင်းကားတွေတောင် ရပ်သွားပြီ ၊ လူတွေက အိမ်အပြင်မထွက်ရဲကြဘဲ တိတ်ဆိတ်သွားတယ် ၊အဲ့ဒီဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကြောင်းနဲ့ အတူ ၊ စားနပ်ရိက္ခာတွေ သယ်ခိုင်းပြီး လူသားဒိုင်းအဖြစ် မိုးထိတောင်တိုက်ပွဲ ဘက်ကို ခေါ်ဆောင်သွားတယ်“လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ရိုးမ ကို စစ်ကြောင်းထိုးသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဟာ ရိုးမတစ်လျှောက်မှာ ကြားဖြတ်တိုက်ခိုက်ခံရတာတွေ ရှိတဲ့ အတွက် အခုလို ရှေ့ပြေးလူသားဒိုင်းအဖြစ် ပေါ်တာဆွဲပြီးခေါ်ယူနေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက သုံးသပ်ပါတယ်။
” ပြည်ခရိုင်ထဲမှာဘဲ တိုက်ပွဲကရောက်လာတာ စစ်ကြောင်းက ရိုးတောင်ခြေရင်းဖက် မကြာခဏထိုးတယ် ၊ စကစဘက်က အကျများလို့ အရပ်ထဲမှာ ပေါ်တာလိုက်ဆွဲနေကြတာ” လို့ ပန်းတောင်းမြို့မှာ နေထိုင်သူ တစ်ဦးက ဆိုပါတယ်။
ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ထဲ မှာ ရှိတဲ့ မိုးထိရွာ နဲ့ မိုးထိတောင်ရိုးပေါ်စခန်းကို အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်းထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က လေကြောင်းက ခုခံတိုက်ခိုက်လျှက်ရှိပါတယ်။
စစ်ကောင်စီဟာ ပြည်မြို့နဲ့ ပန်းတောင်းမြို့မှာ စစ်အင်အားတိုးမြှင့်မှုတွေ ပိုမိုပြုလုပ်နေပြီး ဇန်နဝါရီ ၁၀ ရက်နောက်ပိုင်းမှာ စစ်ကားအစီးရေး ၅၀ ထက်မနည်း ရန်ကုန်တိုင်းကနေ ပို့လွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် ကပစ ၃၊ ဥသျှစ်ပင် မြို့နယ် ကပစ ၉ တပ်တွေကနေ ကင်းထောက်ဒရုန်းတွေနဲ့ ရိုးတောင်ခြေ ကို နေ့စဉ်ကင်းထောက်နေတယ် လို့ ဆိုပါတယ်။
အဉ္စနလီညှင်း (လေး၀တီFM)