ရခိုင်ကမ်းရိုးတန်း ၊ ရသေ့တောင်မြို့နယ် နဲ့ မောင်တောမြို့နယ်ထဲက ချောင်းဝမြစ်ဝတွေ မှာ ဘဂ်လားဒေ့ရှ်ငါးဖမ်းလှေတွေ ကို မကြာခဏ ဖမ်းဆီးမိနေတယ်လို့ အာရက္ခတော်ဘက် ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေ အနီးက မြစ်ရေပြင်မှာ ဘဂ်လားဒေ့ရှ် ငါးဖမ်းလှေနှစ်စီး နဲ့ ရေလုပ်သား ၁၃ ဦးကိုဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ နိုဝင်ဘာ ၅ ရက်မှာ မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေမှာ ချောင်းဝမှာ ငါးဖမ်းနေတဲ့ ဘဂ်လားဒေ့ရှ့် ငါးဖမ်းသမား ၅ ဦးကို ထပ်ပြီးဖမ်းဆီးမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထူးခြားချက်အနေနဲ့ ဒီငါးဖမ်းလှေတွေ အနေနဲ့ ပင်လယ်ရေပြင် နယ်နိမိတ်ကျော်လွန်ငါးဖမ်းခြင်းမျိုးမဟုတ်ဘဲ ၊ ဒေသတွင်က မြစ်ဝချောင်းဝတွေထိဝင်ရောက်လာတာကိုတွေ့ရပါတယ်။
ဒီရေပြင်ဧရိယာတွေဟာ အခုမြင်တွေ့ရတဲ့ အတိုင်း ကျေးရွာတွေ ကို ဖြတ်သန်းစီးဆင်းတဲ့ ပင်လယ်ထွက်ပေါက်တွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် မြစ်ဝ ချောင်းဝ တွေလို့ လည်းပြောနိုင်ပါတယ်။
အာရက္ခအစိုးရဘက်က တော့ ဘဂ်လားဒေ့ရှ်က ဝင်ရောက်လာတဲ့ ငါးဖမ်းလှေတွေကို ဖမ်းဆီးရမိတဲ့ ဓာတ်ပုံတွေ မကြာခဏ ထုတ်ပြန်နေပြီး ၊ ဘဂ်လားဒေ့ရှ်အစိုးရကို ပြန်လည် လွှဲပြောင်းတဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းရဲ့ ဒေသတွင်းကမ်းမြှောင် လုံခြုံရေးဟာ သတိထားစရာဖြစ်လာပါတယ်။
လေးဝတီ FM