Laywaddy FM

ရခိုင်စစ်မြေမြင် နေရာယူလာ တဲ့ အသေခံဒရုန်း

ရခိုင်စစ်မြေမြင် နေရာယူလာ တဲ့ အသေခံဒရုန်း

ရခိုင်ပြည်ထဲက စစ်ပွဲတွေဟာ ကာလကြာရှည်လာတာနဲ့ အမျှ ၊ စစ်ကော်မရှင်ဘက်က ခေတ်မှီလက်နက်တွေကို အသုံးပြုဖို့ အခွင့်အရေးပိုရလာပါတယ်။

အများအားဖြင့် လေကြောင်းတိုက်ခိုက်ရေးတွေမှာ နည်းပညာမြင့် ဒရုန်းအမျိုးမျိုးကို မရေမတွက်နိုင်အောင် သုံးနိုင်တဲ့အထိ စစ်ရေးမှာ ပြင်ဆင်လာတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ဒီနေ့ခေတ် စစ်မြေပြင်တွေမှာ နည်းပညာဟာ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍကို ရောက်လာ တာနဲ့အမျှ ၊”အသေခံဒရုန်း” တွေဟာ စစ်ရေးမဟာဗျူဟာတွေကို ပြောင်းလဲနိုင်တဲ့ လက်နက်တွေ ဖြစ်လာပါတယ်။

စစ်ကော်မရှင်ဟာ တရုတ်နဲ့ ရုရှားနိုင်ငံထုတ် ကင်းထောက်ဒရုန်း နဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ၊ ရှေ့တန်းစစ်မြေပြင်တွေမှာ ဗျူဟာတစ်ခုလိုအသုံးပြုလာတာပါ။

အထူးသဖြင့် တရုတ်ဘက်က နည်းပညာအကူအညီတွေ ပေးနေတဲ့ ကျောက်ဖြူတိုက်ပွဲတွေမှာ ဆိုရင် စစ်ကော်မရှင်ရဲ့ ဒရုန်းတွေဟာ ပိုမိုခေတ်မှီလာတယ်လို့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီအထဲမှာ မှ ကောင်းကင်ယံကနေ တိတ်တဆိတ် ချဉ်းကပ်လာပြီး ပစ်မှတ်ကို ရှာဖွေ ပစ်ခတ်နိုင်တဲ့ အသေခံ ဒရုန်းတွေဟာ စစ်ကော်မရှင် ရဲ့တိုက်ခိုက်ရေးဗျူဟာ သစ် တစ်ခုဖြစ်လာပါတယ်။

သူတို့ဟာ မောင်းသူမဲ့လေယာဉ်တစ်စင်းရဲ့ ကင်းထောက်နိုင်စွမ်းနဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းရဲ့ တိကျတဲ့ဖျက်အားကို ပေါင်းစပ်ထားတဲ့ ဟိုက်ဘရစ်လက်နက်တွေ ဖြစ်ကြပါတယ်။

တကယ်တော့ အသေခံဒရုန်းဆိုတာ ပစ်မှတ်ကို ရှာတွေ့တာနဲ့ တိုက်ရိုက်ထိုးဆင်း ပေါက်ကွဲပစ်တဲ့ တစ်ခါသုံး လက်နက်မျိုးပါ။

ဘာဖြစ်လို့ ဒီလက်နက်တွေက ဒီလောက်အရေးပါလာတာလဲဆိုရင် တန်ဖိုးနည်းပြီး ထိရောက်တဲ့ အတွက်ဖြစ်ပါတယ်။

ဉပမာ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ကြီးတစ်ခုကို ဒေါ်လာတစ်ထောင်ဝန်းကျင်ပဲရှိတဲ့ FPV ဒရုန်းလေးတစ်စင်းနဲ့ ဖျက်ဆီးပစ်နိုင်တဲ့အခါ စစ်ရေးဗျူဟာ မှာ ဈေးကြီးတဲ့ ဒုံးကျည်တွေနေရာမှာ ဒီဒရုန်းတွေကို အစားထိုးလာကြတာပါ။

ဒီအသေခံ ဒရုန်းတွေဟာ ပစ်မှတ်ကို ရှာဖွေနိုင်ပါတယ်။ ပြီးရင် ပစ်မှတ်ဧရိယာအပေါ်မှာ မိနစ်ပိုင်းကနေ နာရီပေါင်းများစွာအထိ စိတ်ရှည်လက်ရှည် ဝဲပျံစောင့်ဆိုင်းနေနိုင်ပါတယ်။

ဒီလို ဝဲပျံနေစဉ်အတွင်းမှာ အာရုံခံကိရိယာတွေ၊ ကင်မရာတွေ နဲ့ GPS စနစ်တွေ ကို အသုံးပြု၍ ပစ်မှတ်ကို ရှာဖွေထောက်လှမ်းနေတာ ဖြစ်ပါတယ်။

အော်ပရေတာက ဗီဒီယိုကနေတစ်ဆင့် ဒါမှမဟုတ် AI စနစ် တို့ နဲ့ ပစ်မှတ်ကို အတည်ပြုပြီးတာနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ တိကျစွာ ထိုးဆင်း တိုက်ခိုက်ပါတော့တယ်။

တခြားဒုံးကျည်တွေနဲ့ မတူတဲ့ အချက်ကတော့ သူဟာ ပစ်မှတ်ဆီထိုးဆင်းလာပြီးမှ စစ်ဆင်ရေးကို ဖျက်သိမ်းတာ ဒါမှမဟုတ် ပစ်မှတ်ပြောင်းလဲတာ တို့ကို လုပ်ဆောင်နိုင်ခြင်းပါပဲ။

ဒီအသေခံဒရုန်းတွေ ရဲ့ ရန်ကို လက်ရှိမှာခံစားနေရတာကတော့ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ် က စစ်တပ်စခန်းတွေ နဲ့ နီးစပ်တဲ့ နေရာတွေ ပဲဖြစ်ပါတယ်။

ဒီလထဲမှာ ကျောက်ဖြူမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုကို အသေခံဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ဒီစာသင်ကျောင်းအနီးဝန်းကျင်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို ကင်းထောက်ထားတယ် ဆိုတဲ့ ကို ပြသပါတယ်။

ဒါကြောင့် လူစုလူဝေးရှိနိုင်တဲ့နေရာ ၊ အဆောက်အအုံ ကြီးကြီးမားမားရှိတဲ့နေရာ တွေဟာ ဒရုန်းတွေကတဆင့် ခြေရာခံနိုင်တဲ့နေရာတွေဖြစ်လာပါတယ်။

ဒါကြောင့် ပြန်လည်ထူထောင်နေတဲ့ အာရက္ခဒေသက အဖြစ်မနေ လူစုလူဝေးပြုလုပ်တဲ့ ဈေးတွေ ၊ ဆေးရုံတွေ ၊ အင်တာနက်အသုံးပြုတဲ့နေရာတွေ ၊ စစ်ရှောင်စခန်းတွေဟာ အထူးသတိထားရမယ့်နေရာတွေ ဖြစ်လာပါတယ်။

စစ်ဇုံထဲမှာ နေထိုင်ကြရတဲ့အရပ်သားတွေအတွက် အခုလို နည်းပညာမြင့် လက်နက်တွေရဲ့ အန္တာရာယ်ကို ကာကွယ်ဖို့ အတွက် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ စစ်ရေး စည်းကမ်းလိုက်နာမှုနဲ့ အရပ်သားတွေ အပေါ် စာနာမှုက အရေးကြီးပါတယ်။

ဒီ ဒရုန်းတွေဟာ ရှေ့တန်းစစ်မျက်နှာပြင် ရဲ့ နောက်ကွယ်မှာ ရှိတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမျိုးတွေ ၊ လက်နက်တိုက်တွေ ၊ ရိက္ခာဂိုဒေါင်တွေ ၊ စသဖြင့် ထောက်လှမ်းလို့ ရရင် ရသလောက်ကို အန္တာရာယ်ပေးနိုင်တဲ့ အသံတိတ် ထောက်လှမ်းသူတွေဖြစ်ပါတယ်။

တကယ်တော့ ဒီနည်းပညာဟာ မနေ့တစ်နေ့ကမှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ရန်သူ့ရေဒါစနစ်တွေကို နှိမ်နင်းဖို့ အစ္စရေးနိုင်ငံ က IAI Harpy လို ဒရုန်းတွေ နဲ့ စတင်ခြေလှမ်းပြင်ခဲ့တာပါ။

ဒီနေ့ခေတ် မှာတော့ အမေရိကန်၊ အီရန်၊ တရုတ်၊ ရုရှားနဲ့ တူရကီတို့လို နိုင်ငံတွေပါ အဓိက ထုတ်လုပ်သူတွေ ဖြစ်လာကြပြီး စစ်ပွဲတွေရဲ့ မျက်နှာစာကို ပြောင်းလဲပေးနေပါတယ်။

အမေရိကန်ဟာ Switchblade များကို ထုတ်လုပ်ပြီး ယူကရိန်းစစ်ပွဲမှာ အမြောက်အမြား အသုံးပြုနေကြသလို အီရန်ရဲ့ Shahed-136 ကလည်း ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိတာ ကြောင့် နိုင်ငံတကာမှာလည်း ထင်ရှားလှပါတယ်။

အခုဆိုရင် နိုင်ငံပေါင်း ၂၀ ကျော်ဟာ ဒီစနစ်တွေကို အသုံးပြုပြီး အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ အင်အားနည်းတဲ့ အဖွဲ့အစည်းတွေကပါ လက်လှမ်းမီလာတာကြောင့် လက်နက်အားပြိုင်မှုတွေမှာ အသေခံဒရုန်းတွေက အဓိကနေရာကနေ ပါဝင်လာကြပါတယ်။

ဒီဒရုန်းတွေရဲ့ အားနည်းချက်ကတော့ ပျံသန်းနိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။ အမျိုးအစားအလိုက် အနိမ့်ဆုံးသုံးမိုင်ကနေ ၊ မိုင်ဆယ်ချီပြီးတော့ လည်း ပျံသန်းနိုင်ပါတယ် ။

ဒရုန်းအမျိုးအစားဖြစ်တဲ့အတွက် သူ့ကို Jamming လို့ခေါ်တဲ့ အီလက်ထရွန်နစ် နှောင့်ယှက်မှုတွေ နည်းပညာနဲ့ လည်း ဖြတ်တောက်နိုင်ပါတယ်။ ဒါမှမဟုတ် ဒရုန်းပစ်ရိုင်ဖယ်တွေနဲ့ ပစ်ချတာမျိုးတွေနဲ့ လည်း ဖျက်ဆီးလို့ရပါတယ်။

စစ်ကောင်စီဖက်က အသုံးပြုနေကြတဲ့ ဒရုန်းတွေ ဟာ ၊ မြန်မာစစ်တပ်က ကိုယ်တိုင်ထုတ်လုပ်တပ်ဆင်ထားတဲ့ တစ်ခါသုံးဒရုန်းတွေ လည်းပါဝင်သလို ၊အီရန်နိုင်ငံထုတ် Shahed-136 ဒါမှမဟုတ် ရုရှားနိုင်ငံထုတ် Geran-2 တို့နဲ့ ဆင်တူနေတာတွေလည်း တွေ့ရတတ်ပါတယ်။

ဒရုန်းအတွင်းမှာ အသုံးပြုတဲ့ကိရိယာတွေဟာ တရုတ်နိုင်ငံမှာ အဓိက ထုတ်လုပ်တာ ဖြစ်ပြီးတော့ ရရှား၊ဥရောပ ၊တရုတ် စတဲ့ ဂြိုလ်တုစနစ် လေးခုလုံးကို တစ်ပြိုင်နက် ဖမ်းယူနိုင်တဲ့အတွက် တည်နေရာ ပြသမှုဟာလည်း အလွန်တိကျပါတယ်။

ရခိုင်ရိုးမထဲက တိုက်ပွဲတွေမှာတော့ ဒီလို အသေခံဒရုန်းတွေ အပါအဝင် ဒရုန်းအမျိုးမျိုးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မကြာခဏ ဖျက်ချ နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားသိရပါတယ်။

အသေခံဒရုန်းတွေဟာ စစ်ဘက်အတွက် ကုန်ကျစရိတ်နည်းပြီး ထိရောက်တဲ့ တိုက်ခိုက်ရေးလက်နက်တစ်ရပ်အဖြစ် သတ်မှတ်ခံရပေမယ့်၊ အရပ်သားပြည်သူတွေအတွက်တော့ အသက်အန္တရာယ်၊ စိတ်ပိုင်းဆိုင်ရာဖိအား၊ နေ့စဉ်ဘဝ လုံခြုံမှု ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေဆဲပါပဲ။

စစ်ဘက်နဲ့ အရပ်ဘက် ခွဲခြားနိုင်မှု မရှိဘဲ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေသရွေ့၊ စစ်ပွဲဇုံနဲ့ နီးစပ်တဲ့ ကျေးရွာများ၊ မြို့နယ်များဟာ ဒရုန်းစစ်ပွဲရဲ့ အဓိက သားကောင်များအဖြစ် ဆက်လက် ရှိနေကြရပါလိမ့်မယ်။

အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ အရပ်သားများဟာ အသံမကြားရဘဲ ရောက်လာတဲ့ ဒီလို လက်နက်နည်းပညာရဲ့ အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာတိုးတက်လာသလောက် စစ်ရေးသုံးစွဲမှုတွေမှာလည်း စစ်ရေးစည်းမျဉ်းစည်းကမ်းများကို လေးနက်စွာ လိုက်နာခြင်း၊ အရပ်သားကာကွယ်ရေးကို ဦးစားပေးခြင်း၊ စစ်ဘက်နှင့် အရပ်ဘက်ကို တိကျစွာ ခွဲခြားနိုင်စေရန် ကြိုးပမ်းအားထုတ်ခြင်းတို့ဟာ ယနေ့ခေတ် စစ်ပွဲများအတွက် မဖြစ်မနေ လိုအပ်လာပါပြီ။

ဒီလိုမှာ မဟုတ်ရင် မြန်မာပြည်အနှံ့က ပြည်သူတွေဟာ ၊ စစ်ဗျူဟာ ရှင်တွေရဲ့ စစ်ပွဲအောင်နိုင်လိုခြင်း ၊ဆန္ဒတွေအောက်မှာ စတေးခံ အဖြစ် ရှိနေကြမှာပဲ ဖြစ်ပါတယ်။

အထွီးဘုံ – လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *