Laywaddy FM

ကျိန္တလီတိုက်ပွဲတွင် အရပ်သားအချို့သေဆုံး၊ စစ်ကောင်စီ တပ်ဆုတ်သွား

ကျိန္တလီတိုက်ပွဲတွင် အရပ်သားအချို့သေဆုံး၊ စစ်ကောင်စီ တပ်ဆုတ်သွား

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် အရပ်သားအချို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

“ဒီနေ့ ကျိန္တလီကနေ သံတွဲဘက်ကို ပြန်လာတာမှာ လမ်းပေါ်မှာ လက်နက်ထိလို့ သေနေတဲ့ အမျိုးသမီးအလောင်းတွေ တွေ့ခဲ့တယ်။ အရေအတွက် မရေနိုင်ခဲ့ဘူး။ လက်နက်သံတွေက ကြားနေရတုန်းဆိုတော့ အမြန်ပဲ ဆိုင်ကယ်ကို မောင်းလာခဲ့တယ်” လို့ သံတွဲ‌ဒေသခံတစ်ဦးက လေးဝတီ FMကို ပြောပါတယ်။

ရခိုင်ပြည် ကျိန္တလီမြို့တွင် သြဂုတ်လ ၁၁ရက် ညနေပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်များသည် ကျိန္တလီကနေ ကုလားပြင် (ရတနာမြိုင်) သို့ ဆုတ်ခွာသွားကြောင်း သိရပါတယ်။

အခုက ကုလားပြင် (ရတနာမြိုင်) တံတားနားမှာ ပစ်ခတ်သံတွေကြားရတယ်။ ကျိန္တလီဘက်မှာတော့ မကြားရတော့ဘူး။ မြို့ထဲ (ကျိန္တလီ) ကို ဝင်လို့ရရင်တော့ ဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်သွားမှာပါ” လို့ ကျိန္တလီမြို့မှ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကျဲမှုကြောင့် ကျိန္တလီမြို့ရှိ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းစာသင်ကျောင်း နှင့် မြို့ပတ်အဝိုင်း အနီးဟာ ပျက်စီးမှုများကြောင်း သိရပါတယ်။

ကျိန္တလီမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများက တိုက်ပွဲမဖြစ်ပွားခင် ရက်သတ္တပတ်အလိုကတည်းက ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် နှိုးဆော်ထားပြီး အကူညီတောင်းသူများကို ကူညီပြောင်းရွှေ့ပေးခဲ့သဖြင့် အသက်သေဆုံးမှု နည်းခဲ့ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ထို့အတူ ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် ကုလားပြင်(ရတနာမြိုင်)၊ ကိုင်းခုံ နှင့် ဆတ်သွား က ဒေသခံပြည်သူများကိုလည်း အမြန်ဆုံး ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *