ပြီးခဲ့တဲ့ ရက်က ULA/AA ရဲ့ တရားစီရင်ရေးထဲ က အမှုတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။
အာရက္ခပြည် ပြန်လည်ထူထောင်ရေးကို တော်လှန်ရေးအစိုးရတစ်ရပ် အသွင်နဲ့ စီမံအုပ်ချုပ်နေတဲ့ ULA/AA မှာ တရားစီရင်ရေး ကိစ္စတွေလည်းပါဝင်ပြီး ဒေသတွင်း ပြစ်မှုတွေကို စီရင်နေပြီလို့ လည်း လေးဝတီ FM က စုံစမ်းသိရှိထားပါတယ်။
သတင်းအချက်အလက်ထုတ်ပြန်ရေးနဲ့ ပွင့်လင်းမြင်သာမှု အခြေအနေ တွေ နဲ့ ပတ်သက်ရင်တော့ ULA/AA ဘက်က စစ်ရေး သတင်းတွေကို သာ အခါအားလျော်စွာထုတ်ပြန် တတ်ပါတယ်။
အာရက္ခပြည်တွင်းမှာ အစိုးရ ဖွဲ့စည်းခြင်း ၊ တရားစီရင်ခြင်း ၊ တည်ဆောက်ခြင်းလုပ်ငန်းတွေ ကို တော့ သတင်းမီဒီယာတွေကို တရားဝင် ဖြေကြားတာမျိုးမတွေ့ရသေးပါဘူး။
ဒီအခြေအနေမှာပဲ အာရက္ခပြည်သူ့ အစိုးရ ရဲ့ တရားစီရင်ရေး ဘက်က အမှုတစ်ခုဟာ အင်တာနက်သုံးစွဲတဲ့ ရခိုင်ပြည်သူလူထုကြားထဲမှာ ပျံ့နှံ့လာပါတယ်။
အာရက္ခပြည်အတွင်းမှာ စစ်ပွဲကာလ နဲ့ စစ်ပွဲကာလ အလွန်မှာ ခိုးမှု၊ လုယက်မှု တွေ များစွာဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲကာလ အတွင်းမှာ စစ်ဒဏ်သင့်နေတဲ့ ပြည်သူတွေ ရဲ့ နေအိမ်တွေ ၊ အလုပ်ရုံတွေ ၊ ဈေးဆိုင်တန်းတွေက နေ ရွှေ ၊ ငွေ ၊ လက်ဝက်ရတနာ ပစ္စည်း မျိုးစုံ ဟာ ခိုးဆိုးလုနှိုက်တွေ ရဲ့ ခိုးယူခြင်းကိုခံခဲ့ရပါတယ်။
ဒေသခံထဲက ခိုးဆိုးလုနှိုက်အုပ်စု ရှိသလို ၊ AA နဲ့ပတ်သက် တဲ့ လူတချို့ရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသ သတင်းတွေ အရသိရပါတယ်။
ဒီခိုးမှုတွေကိုလည်း ဖြေရှင်းလျှက်ရှိတယ်လို့ ULA/AA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အခု ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ် ကို ဆက်ပြောပါမယ်။
ဖြစ်စဉ်ကတော့ ULA/AA ဖမ်းဆီးထားတဲ့ အကျဉ်းသား တစ်ဉီး ဟာ ယာဉ်တိုက်မှုကြောင့်သေဆုံး တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။
သေဆုံးသူ အကျဉ်းသားမိသားစုဟာ ရွှေအမြောက်အများ ခိုးယူမှုနဲ့ သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
အဖေ ၊ အဖေ နဲ့ သားဖြစ်သူ အပါအဝင် မိသားစု ငါးယောက်ဖြစ်တယ် လို့ ကာယကံရှင် မိသားစုဝင်က ထုတ်ဖော်ပြောကြားထားပါတယ်။
ဖမ်းဆီးခံထားရသူတွေက ၂၀၂၄ ဒီဇင်ဘာ လ ကတည်းက ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူမိသားစုဝင်ရဲ့ ထုတ်ဖော်ပြောကြားချက်အရတော့ စတင်ဖမ်းဆီးခံရတဲ့ အချိန်က နေ ယာဉ်တိုက်မှုကြောင့်သေဆုံးတဲ့ အချိန်ထိ ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မရခဲ့ဘူးလို့ ဆိုပါတယ်။
“ရေခပ်ဖို့လားရေအခါ ကားက ဝင်တိုက် ပလိုက်တေဆိုခါ ၊အကျွန်ယုံရဖို့လား မယုံရလား မသိပါဗျာလ် ၊ကားက သူရို့ပါးက ကားလတ် ” လို့ သူ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဖမ်းဆီးခံထားရသူဟာ ရေခပ်ဖို့ သွားတဲ့ အချိန်မှာ ULA/AA ရဲ့ လုံခြုံရေးတပ်သား တစ်ဦးမောင်းနှင်လာတဲ့ ကားနဲ့ ဝင်တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ULA/AA ရဲ့ တရားစီရင်ရေးမှာ ပါဝင်သူတစ်ဦး လို့ ယူဆရသူ က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တဆင့် ဖြစ်စဉ် ကို တစ်ပိုင်းတစ်စ ထုတ်ပြန်လာပါတယ်။
လုံခြုံရေးတပ်သား ဦးဝင်းဌေး (၂) မောင်းနှင်လာတဲ့ ကားဟာ ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးဆင်းသွားပြီး သေဆုံးသူကို တိုက်မိခဲ့တယ်လို့ ဖြစ်စဉ် ကို အခြေခံပြီးပြောထားပါတယ်။ ယာဉ်မောင်းနှင်သူကို လည်း ဒေသအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ ခိုးမှုလို့ စွက်စွဲခံရသူတွေကို ပြစ်ဒဏ်နဲ့ ထောင်ချထားခြင်းလား သို့မဟုတ်
ပြစ်မှုကျူးလွန်သူ ဟုတ်မဟုတ် ဆုံးဖြတ်ချက်မချသေးသလား ဆိုတာ ကို တော့ ကွဲပြားစွာ မသိရသေးပါဘူး။ ဒီအချိန်မှာ သံသယနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
စွက်စွဲခံရသူတွေဟာ သက်သေအထောက်အထားနဲ့ ပြစ်မှုထင်ရှား တာ ရှိ မရှိကို စုံစမ်းဖော်ထုတ် ဖို့ လိုအပ်နေပါတယ်။
အဲ့ဒီလိုပဲ အခုလိုသေဆုံးမှုဟာ မတော်တဆ ဖြစ်စဉ် ဟုတ်မဟုတ် ဆိုတာ ကိုလည်း စုံစမ်းဖော်ထုတ် ဖို့ လိုပါတယ်။
ULA/AA နဲ့ နီးစပ်သူတွေက တော့ ဒီအမှုအခင်းကို ထပ်မံမချဲ့ကားဖို့ ၊ မှတ်ချက်တွေ မပေးဖို့ လိုလားနေကြပါတယ်။
တခုခုကြုံလိုက်တိုင်းမှာ ULA/AA အဖွဲ့အစည်း ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်တွေ အရင်မတွေ့ရဘဲ ၊ ပတ်သက်ရာ ပတ်သက်ကြောင်းပုံစံဖမ်းထားတဲ့ အုပ်စုတွေ ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေ ကို အရင်ဆုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
“ငါဘာကောင်လဲ မင်းသိလား ” ဆိုတဲ့ ဖြဲခြောက်နေတဲ့ အုပ်စု က မှန်ကန်တဲ့ အချက်အလက်တွေ ပေါ်ပေါက်ရေး ကို ဖုံးကွယ်ထားပါတယ်။
ULA/AA က ဖမ်းသွားတယ် မပြောရဲ မဆိုရဲ အခြေအနေတွေ ဟာ လက်တွေ့ရင်ဆိုင်နေရ ပါတယ်။
သတင်းမီဒီယာတွေ အနေနဲ့လည်း ထုတ်ပြန်ချက် သတင်းတွေက လွဲရင်
” မတို့ရဲ မထိရဲ မရေးသားရဲ ၊ မဖော်ထုတ်ရဲ “ ဆိုတဲ့ အခြေအနေ တွေဟာ လွတ်လပ်တဲ့ အာရက္ခပြည်အတွက် လွန်စွာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
အာရက္ခ ပြည်သူလူထုဟာ အာရက္ခတပ်တော် ULA/AA အပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ပေးဆပ်ထားပြီး ဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေး တွေ ပြုလုပ်ရာမှာ မပြည့်စုံသေးတဲ့ အခြေအနေ တွေကို ရခိုင်ပြည်သူ တစ်ရပ်လုံးက နားလည်မှု ရှိရှိ ပူးပေါင်းဖို့အသင့်ဖြစ်ပါတယ်။
အာရက္ခပြည်သူ ပြည်သားတွေဟာ ပြည်သူကို မျက်နှာမမူတဲ့ အစိုးရတွေ ရဲ့ လက်အောက်မှာ ပြားပြားဝပ်ခဲ့ရတာ က မျိုးဆက်ပေါင်းများစွာကြာခဲ့ပါပြီ ။
ဒါကြောင့် အာရက္ခပြည်သူ့ အစိုးရ ရဲ့ အသက်ရှုသံတိုင်းဟာ အာရက္ခပြည်သူကို မျက်နှာမူ ဖို့ လေးဝတီ FM က တိုက်တွန်းလိုက်ပါတယ်။
အယ်ဒီတာ့ အာဘော် ၊လေးဝတီ FM