တိုင်းပြည်တစ်ခုတွင် တရားဥပဒေစိုးမိုးရေးသည် အရေးအကြီးဆုံးတစ်ခုဖြစ်သည်။ တရားဥပဒေ စိုးမိုး မှုမရှိလျှင် လုံခြုံမှုလည်းမရှိတော့ပေ။ တရားဥပဒေစိုးမိုးသည်ဆိုရာတွင်လည်း ပြဋ္ဌာန်းဥပဒေများ၏ တရားမျှတ မှု၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ခုခံချေပခြင်း၊ စစ်ဆေးခြင်း၊ စီရင်ခြင်းများ၏ ပွင့်လင်းမြင်သာမှုနှင့် တရား မျှတမှု၊ ပြစ်ဒဏ်သတ်မှတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့၏ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှု၊ လူသားဆန်မှုတို့ ရှိရန် လိုအပ်သည်။
မိမိနေထိုင်ရာ ရပ်ရွာနှင့်တကွ တိုင်းပြည်တစ်ခုလုံးတွင်ပါ လုံခြုံစိတ်ချရမှုရှိရန် လိုသည်။ ရာဇဝတ်မှု ကျူးလွန်မည့်သူများ၏ ဘေးအန္တရာယ်ကိုသာမက အစိုးရ၏ ဘေးအန္တရာယ်များကိုပါ ထိတ်လန့်စိုးရိမ်နေစရာ မလိုဘဲ နိုင်ငံသားတစ်ယောက်၏ လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာပရိယယ်သနရှာမှီးပိုင်ခွင့် စသည်များကို အာမခံချက်ရှိရန်လို သည်။
သို့မဟုတ်လျှင် ဗမာအစိုးရက နှစ်ပေါင်း ၂၄၀ တိုင် တရားမျှတမှုမရှိဘဲ ကန့်သတ်ချုပ်ချယ် ဖိနှိပ်အုပ်စိုးခဲ့ မှုမျိုးမှ လွတ်မြောက်သော်ငြား
အာရက္ခပြည်သစ်တွင် တရားဥပဒေ စိုးမိုးမှုရှိသည်ဟု ခေါ်ဆိုနိုင်မည်ကား မဟုတ်ပေ။
တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။
(၁) ဥပဒေများကို စိစစ်ရန်၊ ပြင်ဆင်ရေးဆွဲရန်နှင့် ပြဋ္ဌာန်းရန်လိုအပ်ခြင်း
(က) ပြစ်မှုဆိုင်ရာ ဥပဒေများ၊ ပြစ်မှုဆိုင်ရာအထူးဥပဒေများ၊ တရားမကျင့်ထုံးဥပဒေများ၊ အထူးဥပဒေများ စသည်ဖြင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများကို တရားမျှတသင့်လျော်မှု ရှိ၊မရှိကို စိစစ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန်၊ ပယ်ဖျက်သင့်သည်များကို ပယ်ဖျက်ရန်နှင့် အာရက္ခပြည်တွင် အတည်ပြု ပြဋ္ဌာန်းသင့်သည်များကို ပြဋ္ဌာန်းကျင့်သုံးရန်ဖြစ်သည်။
(ခ) အာရက္ခပြည်အစိုးရသည် ယင်းသို့စိစစ်ပြင်ဆင်နေစဉ်ကာလအတွင်း မည်သည့်ဥပဒေများကို လက်ကိုင် ပြု၍ ကျင့်သုံးမည်ကို ထုတ်ပြန်ကြေညာမှသာလျှင် ပြည်သူများ၊ ဥပဒေအကျိုးဆောင်များ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ စသည်တို့သည် ဥပဒေများကို လိုက်နာရန်၊ ဥပဒေဘောင်အတွင်းမှ နေထိုင်လုပ်ကိုင်ရန် ကိုးကားစရာရှိမည်ဖြစ်သည်။
(ဂ) သက်ဆိုင်ရာအဖွဲ့များက စိစစ်ပြင်ဆင်ပြီးသော ဥပဒေများကို အာရက္ခပြည်လွှတ်တော် မရှိသေးသည့် ကာလအတွင်း အာရက္ခပြည် Legislative Assembly တွင် ဆွေးနွေးအတည်ပြုပြီး ထုတ်ပြန်နိုင်သည်။ ထိုသို့ ထုတ်ပြန်ရာတွင် ဤဥပဒေများသည် အာရက္ခပြည်လွှတ်တော်ပေါ်ပေါက်လာသည့်အခါ ယင်း၌ဆွေးနွေးပြင် ဆင် အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ယင်းမတိုင်ခင်ထိ ယခုအတည်ပြုထားသည့်အတိုင်း ကျင့်သုံးမည်ဖြစ် ကြောင်း ဖော်ပြနိုင်သည်။
၂။ တရားစီရင်ရေးနည်းနာများကို သတ်မှတ်ခြင်း
(က) လက်ရှိ ဗမာပြည်သည် common law system ကို အခြေခံ၍ ကျင့်သုံးနေပြီး ဓလေ့ထုံးတမ်းဥပဒေများ၊ ပြဋ္ဌာန်းဥပဒေများနှင့် ပေါင်းစပ်အသုံးပြုသည်။
အာရက္ခပြည်၌ common law system နှင့် civil law system စသည်တို့တွင် မည်သည့်တရားရေးစနစ်များကို ကျင့်သုံးမည်ကို သတ်မှတ်ကြရမည်ဖြစ်သည်။
(ခ) civil law system သည် ဥပဒေပြဋ္ဌာန်းချက်များနှင့် ဖွင့်ဆိုချက်များအပေါ် အခြေခံ၍ ကျင့်သုံးခြင်းကြောင့် စီရင်ထုံးများအား ကိုးကားစရာမလိုခြင်း၊ ဂျူရီများ၏ သဘောထားကို ထည့်သွင်းစဉ်းစားရန်မလိုခြင်း၊ မြန်ဆန် ခြင်း၊ တရားသူကြီးများ၏ ကိုယ်ပိုင်ယူဆချက်များအပေါ် အကန့်အသတ်ရှိခြင်း၊ ဥပဒေများကို စဉ်ဆက်မပြတ် မွမ်းမံနိုင်ခြင်းနှင့် ဥပဒေအကိုးအကားများအပေါ် အဓိကထား ဆုံးဖြတ်ရသောကြောင့် ဥပဒေချိုးဖောက်မှုများ နည်းပါးခြင်း စသည့်ကောင်းကျိုးများရှိသည်။
သို့ရာတွင် တရားသူကြီးများ၏ ဆင်ခြင်နိုင်မှုကို အကန့်အသတ်ရှိသောကြောင့် ပြစ်မှုနှင့်ပြစ်ဒဏ်မမျှ တခြင်းမျိုး၊ နည်းလမ်းသစ်များကို ကျင့်သုံးရန်၊ ပြုပြင်ထည့်သွင်းရန် ခက်ခဲခြင်းမျိုး၊ ဥပဒေများသည် နားလည် ရန် ခက်ခဲသည့်အတွက် ပြည်သူများ လက်လှမ်းမမီခြင်းနှင့် ဥပဒေပါအတိုင်း စနစ်တကျ အဆင့်ဆင့်ဆောင်ရွက် ရခြင်းကြောင့် ချက်ချင်းအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် နှောင့်နှေးခြင်းမျိုး စသည့်အားနည်းချက်များ လည်းရှိသည်။
ကမ္ဘာပေါ်တွင် civil law system သည် ပြင်သစ်နှင့် ရောမအင်ပါယာတို့တွင် စတင်ကျင့်သုံးခဲ့ပြီး ၁၈၀၄ ခုနှစ် နပိုလီယန်ကျင့်ထုံးဥပဒေသည် အရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည်။ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ စပိန်၊ အီတလီ၊ ဘရာဇီး၊ တူရကီ စသည်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၂၀ ခန့်တွင် ကျင့်သုံးလျက်ရှိ သည်။
(ဂ) common law system သည် စီရင်ထုံးများကို အခြေခံပြီး ဆုံးဖြတ်သည့်စနစ်ဖြစ်၍ တရားရေးစနစ်သည် တည်ငြိမ်၍ ရှေ့နောက်ညီညွတ်မှုရှိသည်။ တရားသူကြီးများသည် ဖြစ်ရပ်များ၏ နောက်ခံအကြောင်းတရားကို ပါ ထည့်သွင်းစဉ်းစားနိုင်ပြီး ဆုံးဖြတ်ချက်ချရာတွင် civil law system ထက် ပို၍ လွတ်လပ်မှုရှိကာ ကိုယ်ပိုင်သုံး သပ်မှုများကို ပြုလုပ်နိုင်သည်။
လူတစ်ဦးချင်း၏ အခွင့်အရေးများကို ဂရုစိုက်ပြီး ဂျူရီစနစ်က တရားရေးစနစ် တွင် ပြည်သူများကိုယ်တိုင်ပါဝင်ခွင့်ကို ရရှိစေသည်။ တရားသူကြီးများသည် အခြေခံဥပဒေကို ဖွင့်ဆိုနိုင်ပြီး လူ့ အခွင့်အရေးရှုထောင့်မှ ကိုးကားမှုများပြုတတ်ကြသည်။
သို့ရာတွင် common law system သည် ရှေ့ကစီရင်ထုံးများအပေါ် ကိုးကားမှုများကြောင့် ဆင်သော် လည်း မတူညီသော ကိစ္စများတွင် ဆုံးဖြတ်ချက်များ အားနည်းနိုင်သည်။
ဥပဒေအကျိုးဆောင်များက ရှေ့က စီရင်ထုံးများကို အသုံးချ၍ မျှတမှုမရှိသော ဆုံးဖြတ်ချက်များကို တွန်းအားပေးတတ်ကြသည်။ တရားသူကြီး များ၏ သဘောထားအပေါ်တွင် မူတည်မှုများကြောင့် ကိစ္စတစ်ခုအပေါ်တွင် တရားသူကြီးများ၏ သဘောထား များ ကွဲလွဲနိုင်၍ တရားရေးတည်ငြိမ်မှုကို အားလျော့စေသည်။
ဂျူရီများ၏ ဥပဒေသဘောတရားကျေညက်မှု အားနည်းခြင်းများ၊ ခံစားချက်များကို ရှေ့တန်းတင်မိတတ်ခြင်းနှင့် ယင်းကို ဥပဒေအကျိုးဆောင်များက အသုံး ချတတ်ခြင်းများလည်း ရှိသည်။ အခြေခံဥပဒေကို တရားသူကြီးများက အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်ဦးနှင့် တစ်ဦးသဘောထားကွဲလွဲမှုများကြောင့် တရားဥပဒေစနစ်၏ တည်ငြိမ်မှုကို ရှုပ်ထွေးစေနိုင်သည့် အားနည်းချက် မျိုးလည်း ရှိကြသည်။
common law system သည် အလယ်ခေတ်အင်္ဂလန်မှ အစပြုကျင့်သုံးခဲ့ကြပြီး ယနေ့ ကမ္ဘာပေါ်တွင် အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ တောင်အာဖရိက စသည့်နိုင်ငံ အများအပြားတွင် ကျင့်သုံးလျက်ရှိကြသည်။
(ဃ) ကမ္ဘာပေါ်တွင် ယင်းစနစ်နှစ်မျိုးကို ပေါင်းစပ်၍ ကျင့်သုံးကြသည်များလည်း များစွာရှိသည်။ အာရက္ခပြည် တွင် မည်သည့်တရားရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ ရခိုင့်ဓလေ့ထုံးတမ်းဥပဒေများကိုလည်း အသိအမှတ်ပြု ထည့်သွင်းကျင့်သုံးသင့်သည်။
၃။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှု
(က) တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများအား –
ဥပဒေရေးရာစွမ်းရည်မြှင့်တင်ပေးခြင်း
နိုင်ငံတကာ ဥပဒေများ၊ တရားရေးစနစ်များဆိုင်ရာ လေ့လာမှုများပြုလုပ်စေခြင်း
အဂတိတရားကင်းဝေးစေရေးနှင့် ကိုယ်ကျင့်သိက္ခာတရားများကို အလေးထားမှုမြှင့်တင်ပေးခြင်း
(ခ) ပြည်သူများအား –
ဥပဒေအသိပညာများ တိုးတက်သိရှိနားလည်စေခြင်း
ဥပဒေဘောင်အတွင်း၌ လွတ်လပ်စွာနေထိုင်မှုကို သင်ယူစေခြင်း
၄။ နည်းပညာများအား အသုံးပြုမှု တိုးတက်စေခြင်း
ဥပဒေများ၊ တရားရေးမှတ်တမ်းများ၊ တရားရုံးဆုံးဖြတ်ချက်များ စသည်များကို ပြည်သူများအပါအဝင် တရားရေးဝန်ထမ်းများ၊ ဥပဒေအကျိုးဆောင်များသည် အချိန်နှင့်တပြေးညီရယူနိုင်ရန်၊ လွယ်ကူစွာ ကိုးကားနိုင် ရန်နှင့် လေ့လာသုတေသနပြုနိုင်ရန် အွန်လိုင်းနည်းပညာများကို အသုံးပြုမှုမြှင့်တင်ခြင်း။
၅။ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း
အာရက္ခပြည်တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍများ ပိုမိုထိရောက်စေရန် အတွက် တရားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း။
တရားရေးဆိုင်ရာ အစီအစဉ်များနှင့် လုပ်ဆောင်ချက်များကို ပြည်သူများသိရှိအောင်လုပ်ဆောင်ခြင်း နှင့် ပြည်သူများ၏ တရားရေးဆိုင်ရာ ရပိုင်ခွင့်များကို သိရှိစေခြင်း၊ ပြည်သူများအား တရားရေးဆိုင်ရာ အကူ အညီများပေးခြင်း။
အချုပ်အားဖြင့် ယခင်အစိုးရများလက်ထက်တွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ –
(၁) ရဲတပ်ဖွဲ့သည် ပြည်သူလူထု၏ အားကိုးရာမဟုတ်ဘဲ ဒုက္ခပေးသော အဖွဲ့အစည်းဖြစ်နေခြင်း
(၂) တရားစီရင်ရေးတွင် အဂတိလိုက်စားမှုများ ဖောင်းပွခြင်း
(၃) နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များကြောင့် အချိန်မရွေးဖမ်းဆီးခံရနိုင်ခြင်း
(၄) စစ်တပ်နှင့် စစ်ထောက်လှမ်းရေးများ၏ ဥပဒေပြင်ပမှ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုများအတွက် အာမခံချက်
မရှိခြင်း
စသည်ဖြင့် ပြည်သူများသည် အရာအရာကို စိုးရိမ်ထိတ်လန့်နေခဲ့ကြရသည်။
ပြည်သူလူထုသည် လက်နက်ကိုင် အာဏာရှင် အဖွဲ့အစည်းများကို အထူးကြောက်ရွံ့နေခဲ့ကြရသည်။ အာရက္ခပြည်သစ်၊ အစိုးရသစ်လက်ထက်တွင် ၎င်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေရမှုများမှ လွတ်မြောက်၍ တရားဥပဒေစိုးမိုးမှု အပြည့်အဝရှိသော လုံခြုံမှုအာမခံ ချက်ရှိသည့် အခြေအနေမျိုးကို တည်ဆောက်နိုင်ရန်လိုမည်ဖြစ်သည်။
မိုးဇော် ရေးသည်။
လေးဝတီ FM
(သုတေသန ဆောင်းပါး)