စစ်ကောင်စီ ဘက်က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်လိုက်ပေမယ့် ကျောက်ဖြူစစ်မျက်နှာမှာ လေကြောင်း ၊ လက်နက်ကြီး အပါအဝင် အသေခံ ဒရုန်းတွေ နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။
မေလ ၆ ရက် ညနေပိုင်းက သစ်ပုတ်တောင်ရေတပ်ဌာနချုပ်က နေ လက်နက်ကြီးတွေ ၊ အသေခံဒရုန်းတွေကို အဆက်မပြတ် ပစ်ခတ်နေပြီး အဲ့ဒီ အနီးအနားက ကျေးရွာတွေ မီးလောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“မနေ့ည နေ ၃ နာရီကျော်မှာ သစ်ပုတ်တောင်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေ လာပစ်တယ်၊ အချွန်နဲ့ သပြုတောင် ရွာ နှစ်ရွာလုံးမီးလောင် သွားတယ်” လို့ ဒေသ စစ်ရေး သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ အနီးဝန်းကျင်က စစ်ကောင်စီ ကာကင်းစခန်းငယ်အချို့ကို AA က သိမ်းပိုက်ထားပြီးနောက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီး ပြင်ပြင်းထန်ထန် လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ စခန်းတွေကို ပြန်ယူဖို့ ခြေလျင်စစ်ကြောင်းတွေ ပြန်ထိုးလာတာမှာ တိုက်ပွဲတွေ ဖြစ်တာပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၅ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇင်ချောင်းကျေးရွာက အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင် လိပ်ခမော်ကျေးရွာက မြေပဲစိုက်တောင်သူတွေကို ဒရုန်းနဲ့ ပစ်ခတ်ခဲ့ပြီး အမျိုးသမီး သုံးဦးသေဆုံးခဲ့ပါတယ်။
အဉ္စနလီညှင်း လေး၀တီFM၊