ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲမူကြောင့် စစ်ဘေးရှောင်စခန်းတွေကနေ နေရပ်ပြန်ဝင်နေတဲ့ မိသားစုတွေ ဟာ ဒုတိယအကြိမ် မြို့ကို စွန့်ခွာနေကြရတယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၄ နဲ့ ၁၅ ရက်တွေမှာ စစ်ကောင်စီ ဂျက်ဖိုက်တာ နဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ပြန်လည်ထူထောင်ဖို့ကြိုးစားနေကြတဲ့ ဒေသခံတွေဟာ ဒုတိယအကြိမ်မြောက် အိုးပစ် အိမ်ပစ်ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
“တကယ့်ကို ပြည်သူတွေကိုအငြိုးထားပြီးတမင်လာကြဲနေတာပါ ၊ စားဝတ်နေရေးအတွက် ပြန်ပြီး ရင်းနှီးထားတာလေးတွေ ထားခဲ့ပြီး ထပ်ပြေးရပြန်ပြီ ၊ ဒီတစ်ခါ ပြန်လာရင် အိမ်လည်း ရှိမလားမသေချာတော့ ဘူး “လို့ ကျောက်တော်မြို့က ထွက်ခွာသွားသူတစ်ဦးက ပြောပါတယ်။
ကျောက်ဖြူတိုက်ပွဲ မှာ အကျအရှုံးများနေတဲ့ စစ်ကကောင်စီဟာ ၊ စစ်ရေးအရ ဖိအားပေးနိုင်ဖို့ အာရက္ခတပ်တော်ထိမ်းချုပ်ထားတဲ့ မြို့တွေကို အခုလို လေကြောင်း က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မေ ၁၃ ၊ ၁၄ ၊ ၁၅ ရက်တွေမှာ ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာနဲ့ ၊ ကျောက်တော်မြို့ တို့ဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး လူ ၂၀ကျော် သေဆုံးခဲ့ရပါတယ်။
မြို့သိမ်းတိုက်ပွဲပြီးနောက်ပိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်ထားတဲ့ နေအိမ်တွေ ၊ ဈေးဆိုင် ၄၀ ကျော်ပျက်စီးခဲ့ပါတယ်။
“ကျွန်တော်တို့ကစျေးသည်ဆိုတော့ နေ့တိုင်း စျေးရောင်းရတယ်၊ တကယ်လို့စျေးကိုလာ ပစ်ရင်မလွယ်ဘူး ကလေးတွေကလည်းငယ်တော့ပြေးလွတ်မယ်မထင်ဘူး ၊ အဲဒါနဲ့အခုကပင်မြို့ကနေထွက်လာပါ”လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက် ULA/AA အနေနဲ့ ကျန်းမာရေး ၊ ပညာရေး ၊ တရားစီရင်ရေး ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေမလည်ပတ်နိုင်အောင် စစ်ကောင်စီဘက်က ပစ်မှတ်ထားနေခြင်းလည်းဖြစ်ပါတယ်။