ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် က စခန်းမှူး စန်းညွှန့်ဆိုသူဟာ ဧပြီက ၃ ရက်နေ့ ညနေပိုင်းက
တာဝန်ကျရာ စခန်းကနေ ထွက်ပြေးသွားပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ ဆီက
သိရပါတယ်။
ပြည်ထဲရေးဌာန ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ရဲ့ ဖိအားတွေကို ခံနေရသလို ၊ စစ်ပွဲ နဲ့
အလွန်နီးစပ်လာတဲ့အတွက် အခုလို ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း တောင်ကုတ် ရဲစခန်းနဲ့
နီးစပ်သူ တစ်ဦးကပြောပါတယ်။
\”အဖွဲ့အစည်း တစ်ခုလုံးက ကြီးနိုင်ငယ်ညှင်း ဝါဒနဲ့ အုပ်ချုပ်ပြီးပျက်စီးနေတယ်။ အရာရှိတွေက
လာဘ်ပဲ စားချင်တာလေ၊ စစ်တပ်အတွက် အသက်စွန့် ချင်တဲ့သူ မရှိဘူး၊ ရသလောက်
သဲ့ယူပြီးရင် ပြေးမှာပဲ ၊ \” လို့ တောင်ကုတ် ဒေသခံတစ်ဦးကပြောပါတယ်။
ဒီစခန်းမှူးဟာ ရခိုင်လူမျိုး မအီဒေသခံတစ်ဦးလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ စစ်ရေးတင်မာမှု တိုက်ရိုက်တိုက်ခိုက် ခံရမှုတွေ
မရှိသေးပေမယ့် တပ်တွင်း ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ၊ အဝေမတည့်တဲ့ ကိစ္စတွေ နဲ့
ပတ်သက်ပြီး အဖွဲ့အချင်းချင်းမကျေလည်မှုတွေ လည်းရှိနေတယ်လို့ သိရပါတယ်။
တောင်ကုတ် စကခ (၅) တပ်တွင်းမှာလည်း တိုင်းစစ်ဦးစီးချုပ်ကို မကျေနပ်တဲ့ အတွက် ဧပြီလ
၁ ရက်နေ့က တပ်အတွင်းမှာ စာကပ်ပြီး ဆန္ဒပြနေတဲ့ အခြေအနေ ထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရ
ပါတယ်။