တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ကျောက်ဖြူမြို့မှာ ကျောင်းမတက်တဲ့ ကျောင်းသားတွေရဲ့ နေအိမ်တွေကို စရဖ နဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့က လာရောက်ခြိမ်းခြောက်ပြီး ဖိအားပေးကျောင်းတက်ခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေဟာ ကျောက်ဖြူမြို့ နဲ့ နီးကပ်လာပြီး ဇွန်လ ၁၅ ရက်မှာ မြို့ထဲက ရပ်ကွက်တချို့ကို လက်နက်ကြီး ကျဉ်ဆံတွေ ကျရောက်နေတာဖြစ်ပါတယ်။
ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်ဖို့ ပြင်ဆင်နေကြသလို ၊ ကျောင်းသား ၊ ကျောင်းသူတွေဟာလည်း ကျောင်းမတတ်ရဲကြတဲ့ အခြေအနေ မှာ စစ်ကောင်စီဘက်က ဖိအားပေးပြီး မဖြစ်မနေကျောင်းတက်ခိုင်းနေတယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ပညာရေးမှူးက ကျောင်းတွေ မဖြစ်မနေဖွင့်ရမယ်ဆိုပြီး ကျောင်းအုပ်တွေကို ဖိအားပေးထားတယ်၊ ကလေးတွေ က ကျောင်းမသွားရဲကြဘူး ၊ မိဘတွေကလည်း မလွှတ်ချင်ယာ ၊ စရဖ နဲ့ ရဲ တွေ လာပြီး ကျောင်းမတက်လို့မရဘူးဆိုပြီး ကျောင်းသားမိဘတွေကို ဖိအားပေးတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ၂၀၂၅ ညာသင်နှစ်အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ပေါ် မှာ ဇွန်လ (၁) ရက်က စပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ အခြေခံပညာအထက်တန်းအဆင့် အထက (၁) ၊ (၂) ၊ (၃) နဲ့ ကျောက်ဖြူအထက (ခွဲ) အလက (၂) အလယ်တန်းကျောင်း တို့ ရှိတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာ ကျောင်းသား ဦးရေထောင်ချီရှိနေသေးပြီး အဲ့ဒီကျောင်းသားတွေဟာ မြို့ပေါ်မှာ ပိတ်မိနေဆဲဖြစ်ပါတယ်။
ကျောင်းသား အများစုဟာမြို့အနီးဝန်းကျင်ကျေးရွာတွေက လာရောက်ကျောင်းတက်ရတဲ့သူတွေ ဖြစ်ပြီး ၊ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ပြန်လည်ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
“တိုက်ပွဲက တဝပြင်းနေလည်း ၊ မြို့တွင်းကို စကစ က ကာဗာအဖြစ်ယူထားတယ်၊ အရပ်သားတွေကို လူသားဒိုင်းလုပ်ထားတာပါ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းကတိုက်ပွဲတွေဟာ ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့ပြီး အခုဇွန်လမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာတာဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့မှာရှိတဲ့ စစ်ကောင်စီမိသားစုဝင်တွေ အားလုံး ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။
အမ်းချောင်းသူ ၊ လေးဝတီ FM