ရခိုင်ပြည် ဂွမြို့နယ်မှာ အထိုင်ချပြီး ဒေသခံတွေ ကို အာဏာပြနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထိုးစစ်ဆင်ခံရပြီး အကျအဆုံးများတဲ့ အတွက် တပ်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။
ကုလားပြင်က တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကြွေချိုင်ကမ်းခြေမှာ အင်အားပေါင်းစုပြီး ခုခံဖို့ ပြင်ဆင်နေတယ် လို့ မြေပြင် သတင်းရင်းမြစ် က ပြောပါတယ်။
“ကုလားပြင်မှာ ဆင်ထားတဲ့ ဟောင်၀ှစ်ဇာ လေးစီးကို ကားတွေနဲ့ ပြန်သယ်သွားတယ်၊ စစ်ရှုံးရင် ပေးလိုက်ရမှာစိုးလို့ရှိမှာပေါ့ ကြွေချိုင် ၊ တိုင်ကျိုး ရွာ က ပုဂံဘုရားတောင် မှာဆင်ထားတယ် ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ကြွေချိုင်ကမ်းခြေဟာ ဂွမြို့နယ် အတွင်းက ကမ်းခြေကျေးရွာတစ်ခုဖြစ်ပြီး အဲ့ဒီကမ်းခြေကနေ ဂွမြို့ကို ရောက်ဖို့ မိုင်နှစ်ဆယ်ကျော် ကွာဝေးတာ ဖြစ်ပါတယ်။
ကုလားပြင်ကျေးရွာမှာ အထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေ ရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်တာတွေ ၊ ဒေသခံတွေရဲ့ ကား၊ ဆိုက်ကယ်တွေကို စစ်သုံးယဉ် အဖြစ် အသုံးပြုဖို့ ပေါ်တာဆွဲတာတွေလည်း လုပ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေ က ပြောပါတယ်။
“ ၃ ရက်နေ့ ကုလားပြင်တိုက်ပွဲမှာ ဗိုလ်တစ်ဦးကျတယ် ပြီးတော့ စစ်ကောင်စီ တပ်သားတွေ အကျအဆုံးများတယ်၊ သူတို့ တပ်ဆုတ်တာမှာ လမ်းမှာတွေ့တဲ့ လူကို ပစ်တယ်၊ ကိုင်းခုံရွာက ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုလည်း စကစ က ပစ်သတ်ခဲ့တယ်“လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဉီးက လေးဝတီ FM ကို ပြောပါတယ်။
အောက်တိုဘာ ၂၊ ၃၊ ၄ ရက်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာပြီး ဒီကနေ့မှာတော့ အထိနာတဲ့ စစ်ကောင်စီဟာ ကုလားပြင်က တပ်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။
ဂွ ၊ ကျိန္တလီ ၊ ကုလားပြင် လမ်းပိုင်းဟာ လတ်တလောမှာ စစ်ပွဲ ဧရိယာဖြစ်နေပြီး ဒေသတွင်း သွားလာလှုပ်ရှားသူတွေ အနေနဲ့ အခုရက်ပိုင်းမှာ သတိထားဆင်ခြင်ဖို့ လိုတယ် လို့ ဒေသအခြေအနေ ကို နားလည်သူက သတိပေးပါတယ်။
လတ်တလောမြေပြင်အခြေအနေများဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ခက်ခဲနေပြီး အစားအသောက်ရ ရှိဖို့ကိုလည်း အကူအညီပေးရေးအဖွဲ့တွေကို မှီခိုနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။