Laywaddy FM

စစ်တွေ မြို့ နာဇီရပ်ကွက်က အိမ်တွေကို ALP တပ်သားတွေက လက်ညှိုးထိုးရောင်းစားနေ

စစ်တွေ မြို့ နာဇီရပ်ကွက်က အိမ်တွေကို ALP တပ်သားတွေက လက်ညှိုးထိုးရောင်းစားနေ

စစ်တွေမြို့နာဇီရွာရပ်ကွက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင် ဆိုသူတွေက လူမရှိတဲ့နေအိမ်တွေကို လက်ညှိုးထိုးပြီး ဒေသတွင်းမှာ ကျန်နေခဲ့တဲ့ မွတ်ဆလင်တွေကို ရောင်းစားနေလို့ နေအိမ်အားလုံးနီးပါး ပျက်စီးသွားပြီလို့ သတင်းရရှိပါတယ်။

စစ်တွေမြို့ မှာ စစ်ရေးတင်းမှာနေပြီး မြို့ထဲလုံခြုံရေးချထားတဲ့ စစ်ကောင်စီ ၊ ရဲ နဲ့ စစ်မှုထမ်းတွေ အပြင် ALP ပါတီကို လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတာလည်းဖြစ်ပါတယ်။

လူမရှိတဲ့နေအိမ်တွေကို ALP ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တန်ဖိုးသတ်မှတ်ရောင်းစားနေပြီး ဝယ်ယူသူ တွေက ဖြိုဖျက်ယူနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“ကျွန်မတို့ တစ်သက်လုံး အလုပ်လုပ်ပြီး ချွေးနည်းစာနဲ့ ဆောက်ခဲ့ရတဲ့အိမ်လေးကို အခုလို ဖြိုနေကြတယ်ကြားရတော့ ရင်ကွဲရတာပေါ့ရှင်။ တိုက်ပွဲဖြစ်လို့ ပါသွားရင်တောင် ဖြေသာပါသေးတယ်။ အခုဟာက တိုက်ပွဲမဖြစ်ပဲ ဒီအတိုင်းသက်သက်ကြီးဖြိုတာကျတော့ အောက်တန်းကျတာပေါ့” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ရဲ့ အစိုးရရုံးစိုက်ရာ စစ်တွေမြို့မှာ စစ်ဘေးရှောင်သွားသူတွေရဲ့ နေအိမ်တွေကို နေ့စဥ်ဖြိုဖျက်ခိုးယူနေကြပေမယ့် မြို့အုပ်ချုပ်သူလို့ အမည်ခံထားတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကတော့ တစ်စုံတစ်ရာ အရေးယူတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေကို လစာပေးပြီးအစောင့်ထားခဲ့တဲ့ နေအိမ်တွေကလွဲပြီး ကျန်တဲ့လူမရှိတဲ့ နေအိမ်အားလုံးဟာ နေ့စဥ်လိုလိုဖြိုဖျက်ခံနေရတဲ့အပြင် ဖြိုဖျက်ထားတဲ့ ပစ္စည်းတွေကိုလည်း ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြတယ်လို့လည်း သိရပါတယ်။

“သူတို့က အုပ်စုလိုက်ကြီးလာဖြိုကြတာ။အစတုန်းကတော့ ညဘက်တွေပဲ ဒီတိုင်းနည်းနည်းချင်းစီခိုးကြတာ။ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ခါနီးမှာ ပိုဆိုးလာကြတယ်။သူတို့ကိုမတားရဲဘူး။ သူတို့ကိုသွားပြောရင် ပြောတဲ့လူကို ဝိုင်းရိုက်ကြတာ။ ရဲသွားတိုင်လည်းမထူးဘူး။ သူတို့ကပါ ပေါင်းစားနေကြတာ “လို့ စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဖြစ်ရပ်တွေ ဖြစ်ပွားနေတာဟာ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်တစ်ပြည်လုံးအနေအထားထက် သူတို့ ပြည်နယ်ရုံးစိုက်ရာနေရာဖြစ်တဲ့ စစ်တွေမြို့တစ်ခုကိုမှာရှိတဲ့ ပြည်သူတွေကိုတောင် လုံခြုံမှု၊ ကာကွယ်ပေးနိုင်မှုမရှိခြင်းနဲ့အတူ ညံ့ဖျင်းတဲ့အုပ်ချုပ်မှုစနစ်တွေရှိတာကို ဖော်ပြတာဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ စစ်တွေမြို့ဒေသခံတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းကစပြီး ရခိုင်မှာ စစ်ရေးအရှိန်မြင့်တက်လာတာဖြစ်ပါတယ်။

စစ်တွေမြို့မစျေးကြီးအတွင်းကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ စစ်တွေမြို့ အနီးက ဗျိုင်းဖြူရွာမှာ စစ်ကောင်စီက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် စစ်တွေမြို့ဒေသခံ တစ်ဝက်ကျော်လောက်ဟာ စစ်တွေမြို့ကနေ အခြားမြို့နယ်တွေကို သွားရောက်​ပြီး စစ်ဘေးရှောင်ခဲ့ကြရတာပါ။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေကစပြီး စစ်ကောင်စီဟာ စစ်တွေမြို့ကို ကုန်းလမ်းရေလမ်းကို ဖြတ်တောက်ပြီး လေယာဥ်လမ်းတစ်ခုတည်းကို တင်းတင်းကြပ်ကြပ်နဲ့ ဖွင့်ပေးခဲ့တာကြောင့် ဒေသခံတွေဟာ အထွေထွေအသုံးစရိတ်လိုအပ်ချက်မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါအပြင် လျှပ်စစ်မီးလည်းမရနိုင်တော့တာကြောင့် ချက်ပြုတ်ရေးအတွက် ထင်း၊လောင်စာ လိုအပ်ချက်ဟာ မြင့်မားနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ နေအိမ်ဖြိုဖျက်ရာကနေရရှိလာတဲ့ ပျဥ်တွေ၊တိုင်တွေကို ထင်းအဖြစ် ခဲခြမ်းရောင်းချနေကြပြီး တစ်တောင်ခန့်အမြင့်ရှိတဲ့ ထင်းချောင်းတစ်ချောင်းကို ၂၀၀ကနေ ၃၀၀ ကျပ်အထိ ပေါက်စျေးရှိနေတယ်လို့လည်း သိရပါတယ်။

ရာဇာ ၊ လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *