ရခိုင်ပြည် ကျောက်ဖြူမြို့နယ် တွင်းက တရုတ်စီမံကိန်းဧရိယာအတွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပြီး အဲ့ဒီ ဧရိယာအတွင်းက ထွက်ပြေးရသူ ဒေသခံစစ်ရှောင် ၄၀၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။
ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေရုံသာမက ကျန်းမာရေးအတွက် ဆေးဝါးတွေ လည်းအရေးပေါ်လို အပ်နေတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
“အခုကနေပူလိုက်မိုးရွာလိုက်နဲ့ အမိုးအကာလည်းမလုံဘူးနေရတယ်။ ထမင်းလည်းနပ်မှန်အောင်မစားရ ၊ ကလေးတွေကမိုးဒဏ်နေဒဏ်ခံရတော့နေမကောင်းဖြစ်တာများပါတယ်” လို့ စစ်ရှောင် တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။
ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်အုပ်စုနဲ့ ဂုံးချွိန်အုပ်စုတို့ မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အဲ့ဒီပတ်လည်က ရွာသာတွေဟာ တောစပ်တောင်စပ်တွေမှာ အမိုးအကာမရှိဘဲနေထိုင်နေရတယ်လို့ ရှောက်ချောင်းကျေးရွာဒေသခံတစ်ဦးက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
“အခုကစစ်ဘေးရှောင်က လေးသောင်း (၄၀၀၀၀)ကျော်အထက်ကိုရှိတယ်။အကုန်လုံးကဘာမှမပါဘဲထွက်ပြေးလာတဲ့လူတွေပါ မိုးလည်းကျတော့မယ်ဆိုတော့နေဖိုးကအစအရေးကြီးနေတယ်” လို့ ဆိုပါတယ်။
ကျောက်ဖြူ ဒေသ ၊ တရုတ်စီမံကိန်းဧရိယာအတွင်းမှာ အခုရက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်နေတာဖြစ်ပါတယ်။
“တောအုပ်ထဲမှာနေနေရတယ်၊ ရွာတွေကို ဒရုန်းနဲ့ ကြဲတယ် “ လို့ ကျောက်ဖြူဒေသခံ စစ်ရှောင်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာ ၊ ကြတ္တိန် ၊ ဉကင်း စတဲ့ ကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အမ်းချောင်းသူ လေး၀တီFM