Laywaddy FM

ကျောက်ဖြူအထူးစီးပွားရေးဇုံ ဖွင့်ပွဲ လုပ်နိုင်ဖို့ ဇုံ ဧရိယာအတွင်းက ကျေးရွာတွေကို အရေးပေါ် ထိုးစစ်ပြင်းပြင်းထန်ထန်ပြုလုပ်နေ

ကျောက်ဖြူအထူးစီးပွားရေးဇုံ ဖွင့်ပွဲ လုပ်နိုင်ဖို့ ဇုံ ဧရိယာအတွင်းက ကျေးရွာတွေကို အရေးပေါ် ထိုးစစ်ပြင်းပြင်းထန်ထန်ပြုလုပ်နေ

ရခိုင်ပြည်ကျောက်ဖြူမြို့ နယ်ထဲက အထူးစီးပွားရေးဇုံစီမံကိန်း အကောင်အထည်ဖော်မယ့် ဧရိယာထဲမှာ ပါဝင်နေတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခြင်းကို နေ့ရောညပါခံနေရတယ် လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေး ပထမအဆင့် အတွက် စစ်ကောင်စီ နဲ့ တရုတ် ကုမ္ပဏီတို့ ၂၀၂၄ ဖေဖော်ဝါရီက လက်မှတ်ရေးထိုးထားပြီး မြေပြင်မှာ အဲ့ဒီဧရိယာတွေကို မထိမ်းချုပ်နိုင်ဘဲ ဖြစ်နေတာ ကြောင့် အခုလို ထိုးစစ်ဆင်လာတာ လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ကျောက်ဖြူမြို့ ပေါ်နဲ့ မဒေးကျွန်း တစ်ဝိုက်ကလွဲရင် စစ်ကောင်စီက မြေပြင်မှာ မထိမ်းချုပ်နိုင်ဘူး ၊ ရွာဘက်တွေကို စစ်ကြောင်းထိုးပြီး ၊ ဗုံးကြဲပြီး ထိမ်းချုပ်ဖို့ ကြိုးစားနေကြတာပါ၊ အဓိက ကတော့ လူတွေ မရှိတော့အောင် မီးတိုက်နေတဲ့ ပုံစံဖြစ်နေတယ်၊ ဒါမှ သူတို့က ဒီဧရိယာပေါ်မှာ အထူးစီးပွားရေးဇုံ ဖွင့်ပွဲ လုပ်နိုင်မှာ ကြောင့် ဖြစ်ပါတယ်” လို့ ကျောက်ဖြူ ဒေသခံ တစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ ၊ရေနံတောင် ကျေးရွာ ၊ ကြတ္တိန်ကျေးရွာ ၊ စည်မော်ကျေးရွာ ၊ကုလဘာတောင် တို့ဟာ စစ်ကောင်စီ ရဲ့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ခြင်းကိုခံနေရ တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ရှိတဲ့ တရုတ်ရင်းနှီးမြုပ်နံမှုစီမံကိန်းတွေဟာ AA ရဲ့ ထိမ်းချုပ်ဧရိယာ ထဲကို ရောက်ရှိနေပြီး ဒီစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ AA နဲ့ ညှိနှိုင်းရေးလုပ်သင့်တယ်လို့ Arakan Oil Warch က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ညှိနှိုင်းရေးနည်းလမ်းကို အသုံးမပြုဘဲ ကျေးရွာတွေကို သာ ပစ်မှတ်ထားပြီး ဖြိုခွင်းနေတာလည်းဖြစ်ပါတယ်။

“၂၀၂၅ မှာ စီးပွားရေးဇုံအကောင်အထည်ဖော်ရေး ပထမ အဆင့်ကို စတင်မယ် လို့ သူတို့ စာချုပ်မှာ ပါဝင်နေတယ် ၊ အဲ့ဒီဖိအားကြောင့် စစ်ကောင်စီက အဲ့ဒီနေရာက ပြည်သူတွေကို မနေနိုင်အောင် လုပ်နေတာဖြစ်တယ် ၊ စစ်ပွဲကို အားသာချက်ယူနေသလားလို့တောင် ထင်မိတယ်၊ ဘာကြောင့်လဲ ဆိုရင် ၊ စစ်ပွဲဖြစ်လို့ သူတို့ ဗုံးကြဲပြီး ရွာသားတွေကို နှင်ဖို့ အခွင့်အရေးရတာ လေ ” လို့ စီမံကိန်း စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေး ဇုံစီမံကိန်းမှာ အဆင့်လေး ဆင့်ပါဝင်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ လူနေအိမ်ယာစီမံကိန်း ၊ စက်မှုဇုံ စီမံကိန်း ၊ ရထားလမ်းစီမံကိန်း တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ)စီမံကိန်းအတွက် သတ်မှတ်ထားတဲ့ သက်တမ်းတိုးချဲ့ကာလ ဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက် အထိဖြစ်ပါတယ်။

အဲ့ဒီကာလမတိုင်ခင်မှာ နှစ်ဖက်စလုံး က စာချုပ်ဆိုင်ရာ တာဝန်များတွေကို ပြီးစီးဖို့ လိုအပ်တယ်လို့ စစ်ကောင်စီ ဒုတိယ ဥက္ကဠ စိုးဝင်း က မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ ဗဟိုကော်မတီ အစီးအဝေး မှာ ပြောကြားခဲ့ပါတယ်။

စာချုပ်အရ သတ်မှတ်နေ့ မှာ တိုးချဲ့ခြင်းမရှိရင်တော့ နားလည်မှုစာချုပ်ဟာ (MOU) ဟာ အလိုအလောက်ပယ်ဖျက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းစေ ၊ လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *