Laywaddy FM

ကျောက်ဖြူမြို့ လိပ်ခမော်ကျေးရွာက မြေပဲဖော်နေတဲ့ အမျိုးသမီး သုံးဦး ဒရုန်းဗုံးကြောင့်သေဆုံး

ကျောက်ဖြူမြို့ လိပ်ခမော်ကျေးရွာက မြေပဲဖော်နေတဲ့ အမျိုးသမီး သုံးဦး ဒရုန်းဗုံးကြောင့်သေဆုံး

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက အမျိုးသမီး သုံးဦး ဟာ ဧပြီ ၂၅ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

လိပ်ခမော်ကျေးရွာက ဒေါ်ချောစု အသက် ၃၇ နှစ်နဲ့ ၄◌င်းရဲ့ သမီး ဖြစ်သူ အသက် ၁၁ နှစ်အရွယ် မမေသဇင်ခိုင် နဲ့အတူ ဒေါ်သိန်းသိန်းအေး ၄၇ နှစ်တို့ဟာ မြေပဲစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်မှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

“မြေပဲတွေ ပြန်ဖော်နေတဲ့ ဒရုန်းနဲ့ လာကြဲချသွားပါတယ်။ ကလေးက တကယ်တော့ ကျောင်းတက်တဲ့ အရွယ်ပါ ၊ စားရေးသောက်ရေး အဆင်မပြေလို့ မြေပဲအငှားဖော်နေရင်း ဗုံးဆံထိတာပါ” လို့ ကျောက်ဖြူ မြို့ လိပ်ခမော်ဒေသခံ တစ်ဦးက လေးဝတီ FM ကိုပြောပါတယ်။

စစ်ကောင်စီဟာ ကျောက်ဖြူမြို့ အနီးဝန်းကျင်က အရပ်သားကျေးရွာတွေကို ဒရုန်း တွေ၊ စက်တပ်လေထီး‌တွေ နဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေပြီး ရွာသားတွေဟာ အကာအကွယ်မဲ့နေတဲ့ အခြေအနေဖြစ်နေပါတယ်။

အာရက္ခတပ်တော်AA နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေဟာ တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေတဲ့ အခြေအနေ ဖြစ်နေပြီး ဒေသခံတွေဟာ စစ်ကောင်စီ တွေရဲ့ ညှင်းပန်းမှုကို ခံစားနေကြရတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ် အတွင်းက တိုက်ပွဲတွေဟာ တရုတ်စီမံကိန်း တွေကြောင့် နှောင့်နှေးကြံ့ကြာနေပြီး အရပ်သားတွေ ဟာ ပိုမိုအထိနာနေတဲ့ အခြေအနေ လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“တိုက်ပွဲတွေက ဖြစ်လိုက် ရပ်လိုက် နဲ့ဖြစ်နေပြီးတော့ ၊ စကစ ဘက်က ရွာတွေကို အဆိုးဆုံးဖိနှိပ်နေပါတယ်၊ လေကြောင်းက မထင်ရင်မထင်သလို လာလာကြဲနေပါတယ်” လို့ ကျောက်ဖြူမြို့နယ်အတွင်းက လူမှုကူညီရေးတွေ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်း က သစ်ပုတ်တောင် ရေတပ်ဘက်မှာ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်နေပေမယ့် စစ်ကောင်စီဘက်က ကျောက်ဖြူမြို့ပတ်လည်ကို ကင်းထောက် ပြီး ဗုံးကြဲနေတာဖြစ်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *